ဒေါက်တာအေးမောင်အား မတရားဖမ်းဆီးမှုသည် ရခိုင်လူမျိုးရဲ့ အညွန့်ကိုချိုးလိုက်သလိုမျိုးဟု ဇနီးဖြစ်သူပြော

ဒေါက်တာအေးမောင်အား မတရားဖမ်းဆီးမှုသည် ရခိုင်လူမျိုးရဲ့ အညွန့်ကိုချိုးလိုက်သလိုမျိုးဟု ဇနီးဖြစ်သူပြော
by -
စံမောင်သန်း

ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌလည်းဖြစ်၊ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်သူ ဒေါက်တာအေးမောင်အား မတရားဖမ်းဆီးထားမှုသည် ရခိုင်လူမျိုးများ၏ အညွန့် ကို ချိုးလိုက်သလိုမျိုးဖြစ်သည်ဟု ဒေါက်တာအေးမောင် အမျိုးသမီးက မီဒီယာများကို ပြောသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်တို့ကို ရခိုင်ပြည်နယ် စစ်တွေခရိုင်နှင့် မြို့နယ်တရားရုံးတွင် ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်က အမှု ၃ ခုဖြင့် ရုံးထုတ်အပြီးတွင် သတင်းထောက်များအား အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

“ဒါက ရခိုင်လူထုထောက်ခံတဲ့ လူထုခေါင်းဆောင်ဆိုတော့ ရခိုင်တွေကို အညွန့်ကို ချိုးလိုက်သလိုပါပဲ။ ခေါင်းဆောင်မယ့်သူမျိုး မရှိအောင် အဲ့ဒီလိုမျိုး လုပ်လိုက်တယ်လို့ ထင်ပါတယ်”ဟု ဒေါက်တာအေးမောင် အမျိုးသမီး ဒေါ်မြမြသက်က ပြောသည်။

ဒေါက်တာအေးမောင်သည် ၄င်းတို့ စွပ်စွဲထားမှုနှင့် လုံးဝ မသက်ဆိုင်ဟု ၄င်းက ဆက်လက်ပြောကြားသည်။

“ဒေါက်တာအေးမောင်က သူတို့စွပ်စွဲထားတဲ့ အမှုတွေနဲ့ ဘာမှလည်း မသက်ဆိုင်ဘူး။ သူတို့ မတရားစွပ်စွဲ ထားတာပေါ့နော်။ ရခိုင်လူထုတွေက အားပေးတယ်ဆိုတော့ သူတို့ကလည်း ကြောက်ပြီးတော့ အဲ့ဒီလိုမျိုးတွေ မတရားစွပ်စွဲတယ်လို့ ကျမကမြင်တယ်ပေါ့”ဟု ဒေါ်မြမြသက်က ပြောသည်။

ဒေါက်တာအေးမောင်အား လက်ထိပ်ခတ်ပြီး ယူဆောင်လာမှု အပေါ်တွင်လည်း အလွန်ဝမ်းနည်းမိပြီး အမှန်တရားအတိုင်း တရားသူကြီးက ဆုံးဖြတ်လိုသည်ဟု ပြောသည်။

“အမှန်မှာတော့ လွှတ်တော်ကိုယ်စားလှယ်ကို ဒီလိုဖမ်းဆီးပြီးတော့ ချုပ်နှောင်ထားခွင့်တော့ မရှိဘူးပေါ့။ ကျမ သတင်းတွေမှာလည်း ဖတ်ရပါတယ်။ အဲ့ဒီကားတိုက်လို့ သေတဲ့ အမှုမှာတောင်မှ လွှတ်တော်ဥက္ကဋ္ဌက ဖမ်းခွင့်မပေးဘူး။ အခုက ဖမ်းခွင့်ပေးတယ်ဆိုတော့ သူတို့ ဖိအားတွေနဲ့ တအားကြီးလုပ်တယ်လို့တော့ မြင်ပါတယ်”ဟု ဒေါက်တာအေးမောင် အမျိုးသမီး ဒေါ်မြမြသက်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ယခုရုံးထုတ်ရာတွင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့အား မိသားစုဝင်များနှင့် သီးသန့် တွေ့ဆုံခွင့် မပြုခဲ့သော်လည်း တရာခွင်တွင် ဝင်ရောက်နားထားခွင့်နှင့် တရားရုံးထဲသို့ ခေါ်လာစဉ် ပြောဆိုခွင့် ပေးခဲ့သည်ဟု သိရသည်။

တရားရုံးမှ ပြန်လည်ခေါ်ထုတ်လာစဉ် စာရေးဆရာ ဝေဟင်အောင်က လက်ထိပ်ကို မြှောက်ပြီး “ဒီမိုကရေစီ ရရှိတယ်ကွာ။ ဒီလိုဖမ်းဆီးတာကို မတရားဖမ်းတာလို့ မြင်ပါတယ်”ဟု မီဒီယာများ၊ မိသားစုဝင်များနှင့် လာရောက်အားပေးသူများကို ပြောကြားခဲ့သည်။

သူတို့ နှစ်ဦးအား တရားရုံသို့ ခေါ်ယူလာစဉ်နှင့် တရားရုံးမှ ပြန်လည်ခေါ်ယူလားစဉ်တွင် သတင်းထောက်များအား သီးသန့်တွေ့ဆုံခွင့်မပြုခဲ့သော်လည်း သူတို့နှစ်ဦး လမ်းလျှောက်လာစဉ်အတွင်း သတင်းထောက်များက မေးမြန်းခဲ့ကြသည်။

“၄/၂၀၁၈ ကို ရုပ်ရင်ပြီးပြီဗျာ၊ မဟုတ်ဘူးလား။ ဒါပြည်နယ်အစိုးရကပါ။ ပြည်ထောင်စုမပါဘူး ကျနော်ပြောတာ၊ တပ်ကလည်းမပါဘူး။ လွှတ်တော်ကို ကျနော်တင်ထားတယ်၊ ၁၂ (င)နဲ့ တင်ထားတယ်။ ဒါလွှတ်တော်တက်ခွင့်ပေါ့ဗျာ။ ဒါက လွှတ်တော်အခွင့်အရေးနဲ့ ပတ်သက်တာပါ။ အဲ့ဒီတော့ လွှတ်တော်ဘက်က စဉ်းစားဖို့ပေါ့။ တစ်မှုဖြစ်သွားရင်တော့ ကောင်းတာပေါ့”ဟု ဒေါက်တာအေးမောင်က မီဒီယာများကို ပြောကြားခဲ့သည်။

ယနေ့ နံနက်က ရခိုင်ပြည်နယ် စစ်တွေခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးတို့တွင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို နိုင်ငံတော်ပုန်ကန်မှု ၁၂၂၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု ၅၀၅ (ခ) (ဂ) နှင့် မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/၁ တို့ဖြင့် ရုံးထုတ်ခဲ့သည်ဟု စာရေးဆရာ ဝေဟင်အောင်မှုအတွက် လိုက်ပါလုပ်ဆောင်နေသည့် ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို နောက်လာမည့် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်မည်ဟု သိရှိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...