တပ်မတော် ကာကွယ်ရေး ဦးစီးဌာနမှ စစ်ဆင်ရေးအထူးအဖွဲ့မှ တာဝန်ရှိသူနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌတို့ တရုတ်နိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့က တွေ့ဆုံခဲ့သည်ဟု သိရသည်။
တရုတ်အစိုးရ ညှိနှိုင်းပေးမှုဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒါးလီ(Dali)မြို့တွင် တပ်မတော် ကာကွယ်ရေးဌာန အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့(ကစထ)မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သောအဖွဲ့နှင့် KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သောအဖွဲ့တုုိ့ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
“အသေးစိတ်တော့ မသိသေးဘူး။ တွေ့ဖုုိ့တော့ အခြေအနေတော့ ရှိတယ်။ ဒါပေမဲ့ ဆွေးနွေးမှု အသေးစိတ်က သူတိုု့ ပြန်လာမှပဲ သိရမယ်။ ကျွန်တော်တို့ ပြောဖို့ တာဝန်မရှိဘူး”ဟု KIO မှ ဗဟိုကော်မတီဝင် အရာရှိ တစ်ဦးက ပြောသည်။
ဇန်နဝါရီလ ၂၇ ရက်နေ့က ဗိုလ်ချုပ်ကြီး အင်ဘန်လသည် KIO ဥက္ကဋ္ဌ အဖြစ် ကျမ်းသစ္စာကျိန်ဆုုိပြီးနောက် ပထမဆုုံးအကြိမ် တပ်မတော်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး စစ်ရေးနှင့် ပတ်သက်၍ အဓိက ဆွေးနွေးမည်ဟု သိရကြောင်း ကချင်ငြိမ်းချမ်းရေးအဖွဲ့(PGC) မှ ဦးဆန်အောင်က ပြောသည်။
“တွေ့တယ်လို့သိရတယ်။ တွေ့ကြဖုုိ့ ချိန်းထားတာ ကြာပြီ။ အလွတ်သဘောမဟုတ်ဘဲ အစိုးရအဖွဲ့လည်း ပါဝင်တဲ့ တရားဝင် တွေ့ရအောင်ဆုုိပြီး ဆွေးနွေးဖို့ ညှိနှိုင်းတာ။ ဒါပေမယ့် တရုုတ်က အမြန်ညှိနှိုင်းလိုက်တော့ တွေ့ဖုုိ့ ဖြစ်ပွားတယ်။ အဓိက စစ်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးမယ်”ဟု သူက မဇ္စျိမကို ပြောသည်။
ဇန်နဝါရီလလယ်ပိုင်းမှစတင်၍ တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား ကချင်ပြည်နယ် တနိုင်းမြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်တို့အတွင်း တိုက်ပွဲနေ့စဉ် ဖြစ်ပွားနေသည်။
တိုက်ပွဲများကြောင့် တနိုင်းမြို့နယ်အတွင်းရှိ ဒေသခံများနှင့် ရွှေ့ပြောင်းအလုပ်သမား ၂၀၀၀ ကျော် လမ်းတွင် ပိတ်မိနေဆဲ ဖြစ်ပြီး အစားအသောက်များ လိုအပ်နေသည်ဟု သိရသည်။







