ကျောက်တော်တွင် လူပေါင်း ၂၅၀ ခန့် ဆန္ဒဖော်ထုတ်

ကျောက်တော်တွင် လူပေါင်း ၂၅၀ ခန့် ဆန္ဒဖော်ထုတ်

ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် လူပေါင်း ၂၅၀ ခန့်က ဇန်နဝါရီ ၂၈ ရက်နေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

ဆန္ဒဖော်ထုတ်ရခြင်းမှာ လူ ၇ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့သည့် မြောက်ဦးဖြစ်စဉ်ကို လွတ်လပ်စွာစုံစမ်း စစ်ဆေးပြီး တာဝန်ရှှိသူများကို အရေးယူပေးရေး၊ စစ်တွေထောင်တွင် ဖမ်းဆီးခံထားရသည့် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ ပြန်လွတ် ပေးရေးတို့အတွက် ဖြစ်ကြောင်း ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးကျော်လှမြင့်က နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

“မြောက်ဦးဖြစ်စဉ်မှာ ပစ်မိန့်ပေးတဲ့သူ၊ ပစ်တဲ့သူတွေကို စစ်ဆေးပြီး တာဝန်ရှိသူတွေကို အရေးယူပေးရေး၊ ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို လွတ်ပေးရေးတို့အတွက် ဆန္ဒဖော်ထုတ် တောင်းဆိုရတာ ဖြစ်ပါတယ်။ ဒေါက်တာအေးမောင်ကို ဒီလို အမျိုးသားရင်ကြားစေ့ရေး၊ ဒီမိုကရေစီသို့ လျှောက်လှမ်းနေတဲ့ အချိန်ကာလမျိုးဟာ ဖမ်းဆီးတာဟာ မသင့်တော်ဘူး၊ ပိုပြီး နားလည်မှုတွေ လွဲနိုင်တဲ့ အတွက် လွတ်ပေးဖို့တောင်းဆိုပါတယ်။ ဆရာဝေဟင်အောင်ကိုလည်း လွတ်ပေးဖို့ တောင်းဆိုပါတယ်” ဟု ဦးကျော်လှမြင့်က ပြောသည်။

ဆန္ဒပြသူ ၂၅၀ သည် ကျောက်တော်မြို့ သာသနာ့ဗိမာန်တွင် စုရုံးခဲ့ကြပြီး ၎င်းနေရာမှ တစ်ဆင့် မြို့ထဲလမ်းမပေါ်ကို ထွက်ကာ ကြွေးကြော်သံ (၇) ချက်ကို ကြွေးကြော်ပြီး ဆန္ဒပြခဲ့ကြသည်။

“တောင်းဆိုတာက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အပြည့်အဝ ရရှိရေး ဒို့အရေး၊ မြောက်ဦး အကြမ်းဖက်သတ်ဖြတ်မှုကို ရှုတ်ချသည် (ရှုတ်ချသည်)၊ မြောက်ဦး အကြမ်းဖက်သတ်ဖြတ်မှုကို ထိရောက်စွာ အရေးယူပေးရေး ဒို့အရေး၊ ဒေါက်တာအေးမောင် ပြန်လွတ်ပေးရေး ဒို့အရေး၊ စာရေးဆရာ ဝေဟင်အောင် လွတ်ပေးရေး ဒို့အရေး၊ မြောက်ဦးဖြစ်စဉ်မှာ လူငယ်တွေကို ဖမ်းဆီးထားတာကို ချက်ချင်း ရပ်ပေးရေး ဒို့အရေး၊ တိုင်းရင်းသာစည်းလုံးညီညွတ်မှုကို အလေးထားရင် ရခိုင်ပြည်သူတောင်းဆိုမှုကို အစိုးရက လိုက်နာပါ စတဲ့အချက် ခုနှစ်ချက်ကို တောင်းဆိုပါတယ်” ဟု သူက ဆက်လက်ပြောကြားသည်။

ဆန္ဒပြပွဲကို နေ့လယ် ၁ နာရီခွဲတွင် စတင်ပြီး မွန်းလွဲ ၂ နာရီခွဲတွင် ပြီးဆုံးကြောင်း သိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...