အိန္ဒိယကောင်စစ်ဝန်းရုံးမှ အိန္ဒိယ ပြည်သူ့သမ္မတနိုင်ငံနေ့ အထိမ်းအမှတ် စစ်တွေတွင် ပြုလုပ်

အိန္ဒိယကောင်စစ်ဝန်းရုံးမှ အိန္ဒိယ ပြည်သူ့သမ္မတနိုင်ငံနေ့ အထိမ်းအမှတ် စစ်တွေတွင် ပြုလုပ်
by -
စံမောင်သန်း

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျရောက်သော ၆၉ နှစ်မြောက် အိန္ဒိယပြည်သူ့ သမ္မတနိုင်ငံနေ့ အထိမ်းအမှတ် ညစာစားပွဲကို ဇန်နဝါရီလ ၂၆ ရက်နေ့ ည ၇ နာရီအချိန်တွင် စစ်တွေမြို့ စစ်တွေဟိုတယ်၌ ပြုလုပ်ခဲ့သည်။

၎င်းပွဲကို ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် ကောင်စစ်ဝန် ရုံးက စီစဉ် ကျင်းပခြင်း ဖြစ်သည်။

ထိုညစာစားပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယကောင်စစ်ဝန်ချုပ်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးတစ်ချို့၊ ပြည်နယ် တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ စစ်တွေကောင်စစ်ဝန်ရုံးတွင် တာဝန်ထမ်းဆောင်နေသူများ၊ စစ်တွေမြို့တွင် အလုပ်လုပ်နေသော အိန္ဒိယနိုင်ငံသားများ၊ စစ်တွေမြို့တွင်နေထိုင်သော အိန္ဒိယမျိုးနွယ်စု ဟိန္ဒူဘာသာဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည် စုစုပေါင်း ၆၀ ခန့် တက်ရောက်ခဲ့ကြသည်။

အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ ဘာသာရေးနှင့် ယဉ်ကျေးမှုဆက်စပ်မှုများကို ကောင်စစ်ဝန် ချုပ်က ပြောကြားခဲ့သည်။

ရခိုင်ဘုရင့်နိုင်ငံတော်နှင့် အိန္ဒိယနိုင်ငံတော်တို့အကြား ရှည်လျားသော သမိုင်းကြောင်းရှိသည်ဟု ကောင်စစ်ဝန်ချုပ်က ပြောသည်။

“အိန္ဒိယနိုင်ငံက ဗုဒ္ဓဟာ ဓညဝတီခေတ် စန္ဒသူရိယမင်းလက်ထက်မှာ ရခိုင်ဘုရင့်နိုင်ငံတော်ကို ကြွချီပြီးတော့ မဟာမုနိဘုရားကို သွန်းလောင်းတော်မူခဲ့ပါတယ်။ ရခိုင်နိုင်ငံတော်ဆိုရင်လည်း ဂင်္ဂါမြစ်ထိ ကျယ်ဝန်းပါတယ်”ဟု အိန္ဒိယကောင်စစ်ဝန်ချုပ် ဒေါက်တာကူးမား ပရဗင်က ညစာ စားပွဲတွင် ပြောသည်။

အင်္ဂလိပ်ကိုလိုနီလက်ထက်တွင်လည်း အိန္ဒိယနိုင်ငံမှ မဟတ္တမဂန္ဓီနှင့် ရခိုင်မှ ဆရာတော် ဦးဥတ္တမတို့သည် နိုင်ငံရေးနယ်ပယ်တွင် သြဇာတိက္ခမကြီးမားသူများဖြစ်ကာ အိန္ဒိယနှင့် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ကြိုးပန်းဆောင်ရွက်ရာတွင် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြသည်ဟုဆိုသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်ကလည်း ဝန်ကြီးချုပ်ကိုယ်စား အမှာစကား ပြောကြားခဲ့သည်။

“ဒီနှစ် အိန္ဒိယနိုင်ငံရဲ့ ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပတဲ့နှစ်မှာပဲ မြန်မာနိုင်ငံလည်း ၇၀ ပြည့်နှစ် လွတ်လပ်ရေးနေ့ကို ကျင်းပခဲ့ပါတယ်။ အိန္ဒိယနဲ့ မြန်မာနိုင်ငံဟာ လွတ်လပ်ရေး မရမီ ရပြီးနဲ့ ဒီနေ့အချိန်ထိ ညီအကိုသဖွယ် နေလာခဲ့ကြပြီးတော့ နောင်ထာဝရ တည်တံ့နိုင်ဖို့ အတွက်လည်း ဆုတောင်းလိုက်ပါတယ်”ဟု ဗိုလ်မှူးကြီးဖုန်းတင့်က ပြောသည်။

အိန္ဒိယနိုင်ငံသည် စက်မှုထွန်းကားပြီး ဆေးဖက်တွင်လည်း ထိပ်တန်းရောက်နေသည့် အားကျစရာနိုင်ငံတစ်ခု ဖြစ်နေကြောင်းနှင့် ဆက်လက်တိုးတက်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်ဟု နယ်လုံဝန်ကြီးက ပြောကြားခဲ့သည်။

အခမ်းအနားကို မြန်မာနိုင်ငံတော်သီချင်းနှင့် အိန္ဒိယနိုင်ငံတော်သီချင်းဖြင့် ဖွင့်လှစ်ခဲ့ကြသည်။

အိန္ဒိယပြည်သူ့သမ္မတနိုင်ငံနေ့သည် အင်္ဂလိပ်ကိုလိုနီအစိုးရထံမှ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သော နေ့ဖြစ်ကြောင်း သိရသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...