ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူများ၏ ကျန်ရစ်သူမိသားစုနှင့် ဒဏ်ရာရသူများကို ရခိုင်လူမှုအဖွဲ့အစည်းအများအပြားမှ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ထောက်ပံ့ကူညီမှုများပြုလုပ်ခဲ့ကြသည်ဟု သတင်းရရှိသည်။
ထိုသို့ကူညီရာတွင် ရခိုင်မျိုးစောင့်အဖွဲ့ (ARG) မှ သေဆုံးသွားသူ ၇ ဦး၏ ကျန်ရစ်သူမိသားစု တစ်စုလျှင် ကျပ် ၂ သိန်း၊ ဒဏ်ရာရသူ ၁၂ ဦးအတွက် တစ်ဦးလျှင် ကျပ် ၂ သိန်းဖြင့် စုစုပေါင်း ကျပ် ၃၈ သိန်းကို ကူညီထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။
အလားတူ စစ်တွေလူမှုအဖွဲ့အစည်းများကိုယ်စားပြု ကော်မတီမှ သေဆုံးသွားသူ ၇ ဦး၏ မိသားစုများနှင့် ဒဏ်ရာရသူ ၁၂ ဦးအတွက် တစ်ဦးလျှင် တစ်သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ် (၁၉) သိန်းကိုလည်းကောင်း၊ စစ်တွေရွှေပန်းထ်ိမ်အဖွဲ့မှလည်း သေဆုံးသွားသူ ၇ ဦး ကျန်ရစ်သူ မိသားစုများ နှင့်ဒဏ်ရာရသူ ၁၂ ဦးအတွက် တစ်ဦးလျှင် တစ်သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ် (၁၉)လည်းကောင်း ကူညီထောက်ပံ့ပေးခဲ့သည်။
ကျောက်တောမြို့မှ ဒေါက်တာထွန်းအေး ဦးဆောင်သည့် ကျောက်တော်လူမူအဖွဲ့အစည်းများမှလည်း သေဆုံးသူ ၇ ဦးကျန်ရစ်သူ မိသားစု တစ်စုလျှင် ကျပ် တစ်သိန်းနှင့် ဒဏ်ရာရသူ တစ်ဦးကို ၅ သောင်း၊ စုစုပေါင်း ကျပ် ၁၃ သိန်းကိုလည်းကောင်း ကူညီ ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။
မြောက်ဦးမြို့နယ် အရက်သေမ(ရက်ကန်းသေမ) ကျေးရွာမှလည်း မြောက်ဦးဖြစ်စဉ်တွင် သေဆုံးသွားရ ဦး၏ မိသားစုများ အတွက် တစ်ဦးလျှင် ကျပ် ငွေ ၃၀၀၀၀ ၊ စုစုပေါင်း ကျပ် နှစ်သိန်း တစ်သောင်းကို ကျေးရွာသားများ ကိုယ်တိုင် မြောက်ဦးမြို့သို့ လာရောက်လှူဒါန်းခဲ့သည်ဟု သိရသည်။
“ ကျွန်တော််တို့ ရခိုင်မျိုးစောင့် အဖွဲ့က စုစုပေါင်း ၃၈ သိန်း ကူညီထောက်ပံ့ခဲ့ပါတယ်။ ကျန်ရစ်တဲ့ မိသားစုတွေ မြင်ရတာ အလွန် စိတ်မကောင်း ကြေကွဲစရာပါ။ ဒီအဖြစ်ပျက် အပေါ်မှာလည်း ရခိုင်တစ်မျိုးသားလုံးက ဝမ်းနည်း ကြေကွဲလျက် ရှိနေကြပါတယ်” ဟု ARG ဒုဥက္ကဋ္ဌ ၂ ဦးစိုးနိုင်က သူ၏သဘောထားကို နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
ယခုလိုဖြစ်ရပ်မျိုးသည် ရခိုင်ပြည်နယ််၌ ဖြစ်ပွားခဲ့သည်မှာ ဤတစ်ကြိမ်မကကြောင်း၊ နောက်ထပ် မဖြစ်ရအောင် အားလုံးဝိုင်းဝန်းထိန်းသိမ်းရန် လိုအပ်ပြီး၊ အုပ်ချုပ်သူများ အနေဖြင့်လည်း ပြည်သူများကို ပြည်သူအဖြစ်ကြည့်ရန် လိုအပ်သည်ဟု ဦးစိုးနိုင်က သူ၏အမြင်ကို ပြောသည်။
ယမန်နေ့တွင် ပေါက်တောမြို့မှ လူမှုအဖွဲ့အစည်းတစ်ခုမှ ထောက်ပံံကူညီရန် မြောက်ဦးမြို့သို့ ရောက်ရှိနေကြောင်း သိရသည်။
ရခိုင်ပြည်နယ် အစိုးရမှ ကျန်ရစ်သူ မိသားစု တစ်စုကို ကျပ်ငွေ ၅ သိန်းကျစီ ဇန်နဝါရီ ၂၀ ရက်နေ့က ကူညီ ထောက်ပံ့ပေးခဲ့သော်လည်း မိသားစုဝင်များက လက်မခံဘဲ ၎င်းငွေများကို ပြန်ပေးလိုက်ဟု သိရသည်။







