ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် လူ ၇ ဦးသေဆုံးခဲ့ရသည့် ပစ်ခတ်မှုအား အမြန်ဖော်ထုတ်ပြီး သက်ဆိုင်သူများကို ပြင်းထန်စွာ အရေးယူရန် ရခိုင်ပြည်နယ် အစိုးရရုံးရှေ့တွင် လူငယ် ၅ ဦးမှ ပိုစတာများကိုင်ဆောင်ပြီး တောင်းဆိုခဲ့ကြသည်။
“ဇန်နဝါရီ ၁၆ ရက် ညက မြောက်ဦးမှာ ဖြစ်တဲ့ကိစ္စဟာ အာဏာပိုင်တွေဖက်ကဖြေရှင်းတာဟာ လုံးဝစနစ်မကျဘူးလို့မြင်တယ်။ အဲဒါကြောင့် ဒါကို ဥပဒေနဲ့အညီဖြေရှင်ပေးစေလိုပါတယ်” ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူ ကိုသန်းလှက ပြောသည်။
မြောက်ဦးမြို့ ပြည်သူများ အပေါ် အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်း၊ အပြစ်မဲ့ပြည်သူများ အပေါ် အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး သက်ဆိုင်သူများကို အမြန်ဆုံးပြင်းထန်စွာ အရေးယူပေးရန် လိုအပ်ကြောင်း ပိုစတာများတွင် ရေးသားပြီး တောင်းဆိုခဲ့ကြသည်။
“ မြောက်ဦး ဒေသခံတွေက လူစုလူဝေးနဲ့ ဆန္ဒဖော်ထုတ်တဲ့ အပေါ် ဒေသအာဏာပိုင်တွေက သေနတ်ပစ်ခတ် လူစုခွဲခဲ့တယ်။ ဒီလို လူအုပ်ကို ပစ်ခတ် နှိမ်နှင်းတာဟာ ဥပဒေနှင် မညီဘူးလို့ ကျွန်တော်တို့က သုံးသပ်တယ်။ ဒါကြောင့် ဒီအမှုကို ဥပဒေကြောင်းအရ သေချာ စိစစ်ပြီး စစ် အမြန်ဆုံး ဖော်ထုတ်အရေးယူပေဖို့ ကျွန်တော်တို့ လူငယ်တွေ ဆန္ဒဖော်ထုတ်တောင်းဆိုရတာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
ဆန္ဒဖော်ထုတ်သူများသည် ဇန်နဝါရီ ၁၇ ရက် နေ့လယ် ၂ နာရီ ကျော်ခန့်တွင် ရခိုင်ပြည်နယ်အစိုးရရုံးရှေ့တွင် မတ်တပ်ရပ်ကာ မိနစ် ၂၀ ကျော်ခန့် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။







