အစိုးရလျှို့ဝှက်သတင်းနှင့်ပတ်သက်ပြီး သတင်းသမားအား အရေးယူမရကြောင်း အမေရိကန်သံအမတ် ပြော

အစိုးရလျှို့ဝှက်သတင်းနှင့်ပတ်သက်ပြီး သတင်းသမားအား အရေးယူမရကြောင်း အမေရိကန်သံအမတ် ပြော

အစိုးရလျှို့ဝှက်သတင်းအချက်အလက်နှင့်ပတ်သက်ပြီး သတင်းသမားများအား အရေးယူမရကြောင်း အမေရိကန်သံအမတ်ကြီး စကော့မာရှယ်က ပြောခဲ့ပြီး သတင်းပေးသူ အစိုးရအရာရှိသာ ပြဿနာ ဖြစ်နိုင်ကြောင်း ပြောသည်။

ဇန်နဝါရီ ၁၁ ရက်နေ့၊ မြန်မာသတင်းပညာသိပ္ပံတွင် မီဒီယာလွတ်လပ်ခွင့်အကြောင်းနှင့် ဒီမိုကရေစီစနစ်တွင် မီဒီယာ၏အခန်းကဏ္ဍများအကြောင်း အမေရိကန်သံအမတ်ကြီးက လာရောက်ဆွေးနွေးခဲ့စဉ် ပြောခဲ့ခြင်း ဖြစ်သည်။

"ဥပမာပြောရရင် ကျွန်တော်ကအစိုးရအတွက်အလုပ်လုပ်တယ်ဆိုပါစို့ ကျွန်တော်က အစိုးရလျှို့ဝှက် အချက်အလက်ကို သတင်းထောက်တစ်ယောက်ကိုပေးခဲ့မယ်ဆိုရင် ကျွန်တော့်အမှားဖြစ်နေပါပြီ၊ အစိုးရ အရာရှိ တစ်ယောက်အနေနဲ့ ဒီလိုလုပ်လို့ ပြဿနာဖြစ်နိုင်ပါတယ် ဒါပေမယ့် ခင်ဗျားတို့ဂျာနယ်လစ်တွေကတော့ ပြဿနာမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ သတင်းသမားအလုပ်က သတင်းအချက်အလက် ရယူဖို့ပဲ ဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး စကော့မာရှယ်က ပြောသည်။

အမေရိကန်နိုင်ငံ၌ သတင်းထောက်များ သတင်းရယူရေးသားရာ၌ ဥပဒေအရ အကာအကွယ်ပေးထားပြီး အစိုးရဌာနအရာရှိများ၊ လာဘ်စားမှုများရှိနေသည်ကို စုံစမ်းဖော်ထုတ်ကာ အများပြည်သူသို့ ထုတ်ပြနိုင်သည့် အတွက် ခွင့်ပြုပေးထားခြင်းဖြစ်သည်ဟု ဆိုသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ရခိုင်ပြည်နယ်၏ လုံခြုံရေးသတင်းအချက်အလက်များ ရယူခဲ့သည် ဟုဆိုကာ မြန်မာနိုင်ငံသား ရိုက်တာသတင်းဌာနမှ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦး တို့ အား ထောင်ဒဏ် ၁၄ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရမည့် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ ဖြင့် တရားစွဲဆိုခဲ့သည်။

၎င်းတို့ ၂ ဦးအား သတင်းပေးခဲ့သူ လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဒုတိယရဲမှူး မိုးရန်နိုင် နှင့် ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ ၂ ဦးကိုလည်း မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃ ဖြင့် တရားစွဲဆိုမည် ဖြစ်ကြောင်းထုတ်ပြန်ထားသော်လည်း ဇန်နဝါရီလ ၁၀ ရက်နေ့ သတင်းထောက် ၂ ဦးအား ရုံးထုတ်ရာတွင် သတင်းပေးသူနှစ်ဦးမှာ ပါဝင်ခဲ့ခြင်းမရှိခဲ့ပေ။

Myanmar Nowသတင်းဌာနမှ အယ်ဒီတာ ကိုဇာနည်ဝင်းက စာဖတ်သူများထဲတွင် အစိုးရပါဝင်နေပြီး ထိုကဲ့သို့သတင်းအချက်အလက်များရယူခွင့်ကိုလည်း အစိုးရမှချုပ်ကိုင်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

" ဦးကိုနီ လုပ်ကြံခံရတဲ့အမှုပဲဖြစ်ဖြစ်၊ တချို့ဒေသတွေမှာဖြစ်နေတဲ့ပဋိပက္ခတွေပဲ ဖြစ်ဖြစ်၊ လူတွေက သိချင်ကြတယ်။ ဒီနောက်ကွယ်မှာဘယ်သူရှိလဲ ။ ဒါကို ဘယ်သူလုပ်လိုက်တာလဲ ။ လူတွေကသိချင်ကြတယ်။ ကျွန်တော် ထင်တယ်။  ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့အစိုးရလည်းသိချင်မှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လည်း နေပြည်တော်မှာ နေနေတာလေ ။ လူတွေနဲ့တွေ့ရတယ်။ အစည်းအဝေးတွေ လုပ်တယ်၊ ညွှန်ကြားတယ် ။ သူတို့က ဒါတွေပဲလုပ်နေတာ။ သူတို့လည်းသိချင်မှာပဲ သတင်းစာ စောင့်ဖတ်မှာပဲ။ ဒါပေမယ့် ကံဆိုးချင်တော့ သတင်းစာထဲမှာ ဘာမှမပါလာဘူး"ဟု ကိုဇာနည်ဝင်းက ပြောသည်။

စကော့မှာရှယ်ကို ကယ်လီဖိုးနီးယားပြည်နယ်မှာ ၁၉၅၈ ခုနှစ်က မွေးဖွားခဲ့ပြီး သြဂုတ်လ ၂၀၁ဝခုနှစ်ကစပြီး ၂၀၁၃ခုနှစ် ဇူလိုင်လအထိ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးအဖြစ် အမေရိကန်လွှတ်တော်က ၂၀၁၆ ဇန်နဝါရီ ၂၈ရက်နေ့တွင် အတည်ပြုခန့်အပ်ခဲ့ကာ လက်ရှိအချိန်အထိ တာဝန်ယူဆောင်ရွက်နေဆဲဖြစ်သည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...