ရခိုင်ပြည်မြောက်ပိုင်း လျှပ်စစ်မီးလင်းရေးအတွက် ကျပ်သန်းပေါင်း ၃သောင်းကျော် သုံး

ရခိုင်ပြည်မြောက်ပိုင်း လျှပ်စစ်မီးလင်းရေးအတွက် ကျပ်သန်းပေါင်း ၃သောင်းကျော် သုံး
by -
မင်းမင်း

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောဒေသကို ယခုနှစ်ကုန်တွင် လျှပ်စစ်မီး ရရှိရေးအတွက် အစိုးရက အရေးကြီးစီမံကိန်းတစ်ခုအဖြစ် ကျပ်သန်းပေါင်း ၃သောင်းကျော် သုံးစွဲသွားမည်ဖြစ်သည်။

ယခုနှစ် မတ်လတွင် ရသေ့တောင်၊ ဇူလိုင်လတွင် ဘူးသီးတောင်နှင့် ဒီဇင်ဘာလတွင် မောင်တောဒေသကို လျှပ်စစ်မီးရရှိအောင် လုပ်ဆောင်ရန် အစိုးရက ရည်မှန်းထားသည်။

“ရခိုင်မြောက်ပိုင်းမှာရှိတဲ့ ပြည်သူလူထုကို ၂၄နာရီ မီးဖြန့်ဖြူးပေးနိုင်ရေးအတွက် ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ ၂၀၁၈ မတ်လ မတိုင်ခင်မှာ ရသေ့တောင်မြို့နယ်ကို မီးလင်းအောင် လုပ်ပါမယ်။ ၂၀၁၈ ဇွန်၊ ဇူလိုင်လောက်မှာ ဘူးသီးတောင်၊ နောက်ပြီးတော့ ဒီဇင်ဘာလ ပတ်ဝန်းကျင်လောက်မှာ မောင်တောဒေသကို မီးလင်းအောင် လုပ်သွားပါမယ်” ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဓာတ်အားပို့လွှတ်ရေးစီမံကိန်းဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်စွာစိုးနိုင်က ပြောသည်။

၆၆/၁၁ကေဗွီ၊ ၅အမ်ဗွီအေ ရသေ့တောင်ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၁၈ခုနှစ်၊ မတ်လကုန်တွင်လည်းကောင်း၊ ၆၆/၁၁ကေဗွီ၊ ၅အမ်ဗွီအေ ဘူးသီးတောင်ဓာတ်အားခွဲရုံတည်ဆောက်ခြင်း လုပ်ငန်းများကို ဇွန်လကုန်တွင်လည်းကောင်း၊ ၆၆/၁၁ကေဗွီ၊ ၅အမ်ဗွီအေ မောင်တောဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းများကို ဒီဇင်ဘာလကုန်တွင်လည်းကောင်း အသီးသီး ပြီးစီးအောင် ဆောင်ရွက်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ရည်မှန်းထားခြင်း ဖြစ်သည်။

၆၆ကေဗွီ ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တော ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းအတွက် နိုင်ငံတော်ဘတ်ဂျက် ခွင့်ပြုရရှိပြီးငွေ ကျပ်သန်း ၄၀၅၀ ဖြစ်သည်။

အဆိုပါ စီမံကိန်းအတွက် တည်ဆောက်ရေးစရိတ်အဖြစ် ကျပ်သန်းပေါင်း ၃၀၃၅၅ဒဿမ ၃၆ ကုန်ကျခံ တည်ဆောက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် အဆိုပါ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လျှပ်စစ်မီးရရှိသည့်အခါ ဓာတ်အားခကို နိုင်ငံတော်က သတ်မှတ်ထားသည့်အတိုင်း ကောက်ခံသွားမည်ဖြစ်သည်ဟု ဦးကျော်စွာစိုးနိုင်က ဆိုသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အရှုံးပေါ်နေသည့်အတွက် လျှပ်စစ်မီတာခ နှုန်းထားများကို ပြန်လည်သုံးသပ်နေသည်ဟု ယခင်က ပြောကြးထားသော်လည်း လက်ရှိအချိန်တွင် မီတာခဈေးနှုန်း ပြင်ဆင်သတ်မှတ်ရန် လုံးဝ စဉ်းစားခြင်းမရှိသေးဟု ဒုတိယအမြဲတမ်းအတွင်းဝန်ဖြစ်သူ ဦးဌေးအောင်က ပြောသည်။

“လျှပ်စစ်မီးဆိုတာကို ပြည်သူလူထုက ခေါင်းထဲမှာ ထားကို မထားရဘူး။ မီးပြတ်မှာလား၊ မီးဘယ်လောက်လာမှာလဲ ဒါတွေမရှိတော့တဲ့ အနေအထားရောက်အောင်က ကျွန်တော်တို့ရဲ့ အန္တိမ ရည်မှန်းချက်။ ဒါကြောင့် အခုအချိန်မှာ ဈေးနှုန်းပြင်ဖို့ လုံးဝ မစဉ်းစားသေးပါဘူး” ဟု ဦးဌေးအောင်က ပြောသည်။

လက်ရှိအချိန်တွင် အိမ်သုံးမီတာ ယူနစ် ၁ဝဝအထိ သုံးစွဲသူများသည် တစ်ယူနစ်လျှင် ၃၅ ကျပ် ကျသင့်ပြီး ၁၀၁ မှ ယူနစ် ၂၀၀ အထိ သုံးစွဲပါက တစ်ယူနစ်လျှင် ၄၀ ကျပ်၊ ၂၀၁ ယူနစ်နှင့် အထက် သုံးစွဲပါက တစ်ယူနစ်လျှင် ကျပ် ၅၀ နှုန်းဖြင့် ပေးဆောင်ရသည်။

စက်မှုလုပ်ငန်းသုံးမီတာများအတွက် ယူနစ် ၅၀၀ အထိသုံးစွဲပါက တစ်ယူနစ်လျှင် ၇၅ ကျပ် ကျသင့်ကာ ၅၀၁ မှ ၁၀,၀၀၀ ယူနစ်အထိ ကျပ် ၁၀၀၊ ၁၀,၀၀၁ မှ ၅၀,၀၀၀ ယူနစ် အထိ ၁၂၅ ကျပ်၊ ၅၀,၀၀၁ မှ ၂၀၀,၀၀၀ ယူနစ်အထိ ကျပ် ၁၅၀ ပေးဆောင်ရသည်။

 ၂၀၀,၀၀၁ မှ ယူနစ် ၃၀၀,၀၀၀ အထိ သုံးစွဲပါက ၁၂၅ ကျပ်နှင့် ၃၀၀,၀၀၀ အထက်သုံးစွဲပါက တစ်ယူနစ်လျှင် ကျပ် ၁၀၀ သာ ပေးဆောင်ရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာပေါင်း ၃၃၃ရွာအား လျှပ်စစ်ဓာတ်အားရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သို့သော် မြန်မာနိုင်ငံရှိ အိမ်ထောင်စုအားလုံး၏ ၃ရရာခိုင်နှုန်းကိုသာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်သေးပြီး ကျန် ၆၃ရာခိုင်နှုန်းမှာမူ လျှပ်စစ်မီး မရရှိသေးပေ။ မြန်မာနိုင်ငံတွင် အိမ်ထောင်စု စုစုပေါင်း ၁ဝဒဿမ ၈သန်း ရှိသည်။

March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...