KNPP ကိစ္စ ဆန္ဒဖော်ထုတ်သည့် လူငယ် ၅ ဦး တရားစွဲခံရမှုအပေါ် ဒေသခံ ၁၀၀၀ ကျော်ဆန္ဒပြ

KNPP ကိစ္စ ဆန္ဒဖော်ထုတ်သည့် လူငယ် ၅ ဦး တရားစွဲခံရမှုအပေါ် ဒေသခံ ၁၀၀၀ ကျော်ဆန္ဒပြ
by -
စိုးသူအောင်

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် အရပ်သား ၁ ဦးနှင့် KNPP တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့သည့်ကိစ္စအပေါ် အမှုမှန်ပေါ်ပေါက်ရေး ဆန္ဒဖော်ထုတ်ခဲ့သည့် လူငယ် ၅ ဦး တရားစွဲဆိုခံခဲ့ရသည့်ကိစ္စနှင့် ပက်သက်ပြီး ဒေသခံ ၁၀၀၀ ကျော် ယနေ့ (ဇန်နဝါရီ ၅ ရက်) နံနက်ပိုင်းမှ စတင်ကာ လွိုင်ကော်မြို့တစ်ဝိုက် လှည့်လည် ဆန္ဒပြနေကြသည်။

အဆိုပါကိစ္စနှင့် ပက်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေး ဆန္ဒဖော်ထုတ်ခဲ့သည့် လူငယ် ၅ ဦး အနက်မှ ၁ ဦးဖြစ်သည့် ကိုဒီးဒီက “ အဓိကတော့ အစိုးရအနေနဲ့ တာဝန်ယူတာဝန်ခံမှုရှိအောင် နောက်တစ်ခုက လူ ၅ယောက် တရားစွဲဆိုခံရတာကို ရှုတ်ချတယ်ပေါ့နော်၊ နောက်တစ်ခုက တရားမျှတမှုဖော်ဆောင်ရေး၊ နောက် မတရားသတ်ဖြတ်မှုတွေကို ဆန့်ကျင်ရှုတ်ချအောင်ပေါ့ ။ အဲ့လိုကြွေးကျော်သံတွေနဲ့ ဆန္ဒထုတ်ဖော်တာ “ ဟု ဆန္ဒထုတ်ဖော်ရသည့်အကြောင်းကို ပြောသည်။

အရပ်သား ၁ ဦးနှင့် KNPP တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့သည့်ကိစ္စအပေါ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် လွိုင်ကော်၌ ဆန္ဒထုတ်ဖော်ခဲ့သော လူငယ် ၅ ဦးအား ၂ ရက်ကြိုတင်အကြောင်းမကြားဘဲ ဆန္ဒထုတ်ဖော်သည် ဟုဆိုကာ လွိုင်ကော်မြို့မရဲစခန်းမှ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၉ တရားစွဲဆိုထားခြင်းဖြစ်သည်။

ယနေ့ ဇန်နဝါရီ ၅ ရက်နေ့ မနက် ၉ နာရီခန့်မှ စတင်ကာ လက်ရှိ နေ့လည် ၁၂ နာရီအထိ လွိုင်ကော်မြို့တွင် လူငယ်အဖွဲ့၊ တောင်သူအဖွဲ့၊ လူမျိုးစု လူငယ်အဖွဲ့နှင့် ရွာသူရွာသား ၁၀၀၀ ကျော်က ဆန္ဒထုတ်ဖော်နေခြင်း ဖြစ်သည်။ ကယားပြည်နယ် အစိုးရရုံးရှေ့၊ မြို့လယ်လမ်းမကြီး၊ ပြည်နယ် လွှတ်တော်ရှေ့နှင့် တရားရုံးရှေ့များသို့ သွားရောက် ဆန္ဒထုတ်ဖော်နေကြခြင်းဖြစ်ကြောင်း ကိုဒီးဒီကဆိုသည်။

တရားစွဲဆိုသည့် ကိစ္စနှင့်ပက်သက်ပြီး ပထမဆုံး အကြိမ် ရုံးချိန်းခေါ်ယူစစ်ဆေးမည့်ရက် ယနေ့  ဇန်နဝါရီလ ၅ ရက်တွင် လူ ၁၀၀၀ ကျော် ဆန္ဒ ဖော်ထုတ်နေကြခြင်းလည်းဖြစ်သည်။

“ ကျွန်တော်တို့ကတော့ တရားဆက်လက်ရင်ဆိုင်သွားမှာပေါ့။ ထောင်ကျလည်းခံလိုက်မယ်။ ပြီးရင် ဒီကိစ္စ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့ လူသတ်မှုကိစ္စနှင့် ပက်သက်ပြီးမှ  ဖိအားပေးသွားမယ် “ ဟု ကိုဒီးဒီကပြောသည်။

အဆိုပါ ပုဒ်မ ၁၉ သည် ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက  ၃ လထက် မပိုသော ထောင်ဒဏ် သို့မဟုတ် ၃ သောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံနိုင်သည်။

KNPP တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့သည့်ကိစ္စနှင့်ပက်သက်ပြီး တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်ပစ်ခတ်၍ သေဆုံးခဲ့ခြင်းဟု လွိုင်ကော် (ဒကစ) တာဝန်ရှိသူတစ်ဦးက မဇ္စျိမသို့ဖြေကြားထားပြီး KNPP ဘက်ကမူစစ်ဆေးတွေ့ရှိချက်များအရ ခုခံခြင်းမပြုသည့်ကြားမှ ပစ်သတ်ခဲ့ခြင်းဟု ပြောဆိုထားသည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...