ရခိုင်ပြည်နယ်၏ စံပြမိခင်ဆုကို စစ်တွေမြို့မှ မိခင်တစ်ဦး ဆွတ်ခူး

ရခိုင်ပြည်နယ်၏ စံပြမိခင်ဆုကို စစ်တွေမြို့မှ မိခင်တစ်ဦး ဆွတ်ခူး
ရခိုင်ပြည်နယ်၏ စံပြမိခင်ဆုကို အနိုင်ရရှိသူ ဒေါ်ခင်သိန်းလှ။ ဓာတ်ပုံ- RiA
ရခိုင်ပြည်နယ်၏ စံပြမိခင်ဆုကို အနိုင်ရရှိသူ ဒေါ်ခင်သိန်းလှ။ ဓာတ်ပုံ- RiA

ဇန်နဝါရီလ ၄ ရက်နေ့က ကျရောက်သည့် နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ် အတွင်းမှ ထူးချွန်ထက်မြက်သူများကို ဆုအသီးသီးပေးအပ်ချီးမြှင့်ခဲ့ရာတွင် စံပြမိခင်ဆုအား စစ်တွေမြို့နယ် မိခင်တစ်ဦးမှ ဆွတ်ခူးခဲ့သည်။

ဆုရရှိသူမှာ စစ်တွေမြို့၊ ဓညဝတီ (ခ) ရပ်ကွက်နေ ဒေါ်ခင်သိန်းလှ ဖြစ်ပြီး သားသမီး ၅ ဦး၏ မိခင်လည်း ဖြစ်သည်။

“ကိုယ်က ပညာကို ပြီးအောင်မသင်ခဲ့ရလို့ သားသမီးတွေကို ပညာတတ်ဖြစ်စေချင်တယ်။ စီးပွားရေး အဆင်မပြေခါ မပြေ၊ ပြေခါပြေနှင့် အဲဒီလိုပဲ တပိုင်တနိုင် ရုန်းကန်ပြီးတော့ သားသမီးငါးယောက်လုံးကို ပညာတတ်ဘွဲ့ရအောင်ထိ သင်ကြားပေးနိုင်ခဲ့တဲ့အတွက် စံပြမိခင်ဆု ချီးမြှင့်ခံရတာဖြစ်ပါတယ်။” ပြည်နယ်၏ စံပြမိခင်ဆုကို အနိုင်ရရှိခဲ့သူ ဒေါ်ခင်သိန်းလှက ပြောသည်။

ဒေါ်ခင်သိန်းလှ၏ သားသမီး ၅ ဦးအနက် ဒုတိယသားဖြစ်သူ RiA သတင်းအေဂျင်စီကို တည်ထောင်သူ ကိုမင်းမင်းက “ ကျွန်တော့ မိခင် စံပြမိခင်ဆုကို အနိုင်ရရှိတယ်လို့ မနေ့ညကတည်းက ဖုန်းသတင်းကို ကြားသိရပါတယ်။ အမေ ဒီဆုကို ရရှိတဲ့အပေါ် ဝမ်းသာပါတယ်။ ဆုရသည်ဖြစ်စေ မရခဲ့သည်ဖြစ်စေ မိခင်က မိခင်ပါ။ မိခင်တွေထဲမှာမှ ကိုယ့်မိခင်အပေါ် ပြည်နယ်အစိုးရက အသိအမှတ်ပြု ဆုချီးမြှင့်တော့ ပိုပြီး ကြည်နူးပါ တယ်။ သားသမီးတွေအားလုံးကို ဂုဏ်ယူစေနိုင်ခဲ့တဲ့ အမေ့ကို တကယ်ပဲ အတုယူအားကျမိပါတယ်။” ဟု ပြောသည်။

ဒေါ်ခင်သိန်းလှမှာ အသက် ၅၈ နှစ် ရှိပြီဖြစ်ကာ လက်ရှိတွင် သားသမီး ၃ ဦးနှင့်အတူ စစ်တွေမြို့ ဓညဝတီ (ခ) ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ကျန် သားသမီး ၂ ဦးနှင့် ခင်ပွန်းဖြစ်သူမှာ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိ သည်။

“တခြားမိခင်တွေအနေနှင့်လည်း ကိုယ့်သားသမီးကို လူလားမြောက်အောင်၊ လောကကို အကျိုးပြုနိုင်အောင်၊ ပညာတတ်တွေဖြစ်အောင်ထိ ပညာကိုတတ်အောင်အထိ မိဘတွေက ပျိုးထောင်ပေးစေချင်ပါတယ်။ အဒေါ်တို့ဘဝမှာ သားသမီးတွေ ပညာတတ်ဖြစ်အောင် အချိန်နှင့် တပြေးညီအလုပ်လုပ်ပြီး ကြိုးစားခဲ့ရပါတယ်။” ဟု ဒေါ်ခင်သိန်းလှက ဆိုသည်။

စံပြမိခင်ဆုအဖြစ် ဆုငွေ ၅၀,၀၀၀ ကျပ်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့်ခဲ့ပြီး ဇန်နဝါရီလ ၄ ရက်နေ့က ကျရောက်သည့် နှစ် (၇၀) ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် စံပြမိခင်ဆု အပါအဝင် အားကစားထူးချွန်ဆုများ၊ ပညာရည်ချွန်ဆုများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့်ခဲ့ပြီး၊ ထိုအခမ်းအနားကို စစ်တွေမြို့ ဓညဝတီ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...