တနိုင်း-ဖားကန့်လမ်းပေါ်ရှိ ရှထူးဇွပ်ရွာထဲ လက်နက်ကြီးကျ၊ တိုက်ပွဲ ပြင်းထန်လာမည်ကို ဒေသခံများ စိုးရိမ်နေ

တနိုင်း-ဖားကန့်လမ်းပေါ်ရှိ ရှထူးဇွပ်ရွာထဲ လက်နက်ကြီးကျ၊ တိုက်ပွဲ ပြင်းထန်လာမည်ကို ဒေသခံများ စိုးရိမ်နေ
by -
ဖနိဒါ

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ရှထူးဇွပ်ကျေးရွာအနီး လက်နက်ကြီးများ ကျရောက်ခဲ့သဖြင့် ဒေသခံ ရွာသားများ ယနေ့ထိ (ဒီဇင်ဘာလ ၃၁) လက်နက်ကြီး ကျရောက်လာမည်ကို စိုးရိမ်နေကြရသည်ဟု ရှထူးဇွပ်ကျေးရွာမှ နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှ ဆရာထွယ်အောင်က ပြောသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ဖားကန့်-တနိုင်းကားလမ်းပေါ်ရှိ ရှထူးဇွပ်ကျေးရွာတွင် အခြေချထားသည့် တပ်မတော်၏ တပ်ရင်း ၂၉၇ ဌာနချုပ်မှ တပ်ဖွဲ့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးများ ရှထူးဇွပ်ကျေးရွာထဲ ကျရောက်ခဲ့သဖြင့် ဒေသခံ ရွာသားများ ဘုရားကျောင်းများသို့ တစ်ည ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဆရာထွယ်အောင်က ပြောသည်။

အဆိုပါ တပ်ရင်း ၂၉၇ ကို KIA အဖွဲ့များ ဝင်ရောက် စီးနင်းခဲ့ပြီးနောက် တပ်မတော်က လက်နက်ကြီး ပြန်လည် ပစ်ခတ်ခဲ့သဖြင့် နေအိမ်ထဲ ကျရောက်လာမည်ကို စိုးရိမ်သဖြင့် ရှထူးဇွပ်ကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“မနေ့(ဒီဇင်ဘာလ ၃၀)က မနက် ၆ နာရီခွဲလောက်ကနေ တိုက်ပွဲပြီးတယ်။ လက်နက်ကြီးသံတွေ ကျလာတာ။ ဒီမနက် ၉ နာရီလောက်မှာတော့ ငြိမ်သွားပြီ။ မနေ့က ရှထူးဇွပ်ရွာလယ်ခေါင်မှာ လက်နက်ကြီး လာကျတယ်။ အဲဒီ လက်နက်ကြီး ကျတဲ့ နေရာနဲ့ ကိုက် ၁၀၀ ကျော် အကွာမှာက အသုဘ အခမ်းအနားရှိတယ်။ အဲဒီနားမှာ လာထိတယ် ။ လူတော့ မထိဘူး။ ဝါးအိမ် ၂ အိမ်က ပျက်ဆီး သွားတယ်။ ဒါကြောင့် ဘုရားကျောင်းကို လာအိပ်ကြတာ”ဟု ဆရာထွယ်အောင်က ပြောသည်။

ဒေသခံများသည် ယမန်နေ့ ညက နှစ်ခြင်းခရိယာန်ဘုရားကျောင်းတွင် အိမ်ထောင်စု ၃၀ ခန့် နှင့် ကက်သလစ် ဘုရားကျောင်းတွင် အိမ်ထောင်စု ၂၀ ကျော်ခန့်က သွားရောက် ခိုလှုံခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် လက်နက်ကြီး သံများ မကြားရတော့သဖြင့် မိမိတို့ နေအိမ်များသို့ ပြန်သွားကြပြီ ဖြစ်ကြောင်း ဆရာထွယ်အောင်က ပြောသည်။

“အိမ်မှာဆိုရင် လုံခြုံမှု မရှိလို့ လက်နက်ကြီး ကျလာမှာကို စိုးရိမ်လို့ ဘုရားကျောင်းမှာ လာခိုလှုံကြတာ။ ဒီမနက်တော့ မိုးလင်းတာနဲ့ ပြန်သွားကြပြီ။ အခုလည်း စိုးရိမ်စိတ်နဲ့ ကြောက်လန့်ပြီး နေနေကြတယ်။ တခြားနေရာပြေးလို့ ရင်ပြေးချင်တယ်။ ဒါပေမယ့် ဘယ်လိုမှ ရှောင်လဲလို့ မရတော့ ကြောက်ကြောက်နဲ့ နေနေကြတယ်”ဟု သူက ပြောသည်။

တပ်မတော်ဘက်မှ စစ်အင်အား ထပ်မံ တိုးမြင့်လာကာ တိုက်ပွဲ ပြင်းထန်လာမည်ကို စိုးရိမ်နေကြရသည်ဟု သူက ပြောသည်။

တနိုင်းဒေသ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ ဘက်တွင် တပ်မတော်နှင့် KIA အကြား ယမန်နေ့ထိ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခဲ့ပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့ တိုက်ပွဲ ဖြစ်ပွားဆဲ ဖြစ်သည်ဟု KIO မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“ဒီနေ့တိုက်ပွဲဖြစ်တာ ကျွန်တော်ဆီမှာသတင်းတော့ မရသေးဘူး။ ဒါပေမယ့် တပ်မတော် စစ်ကြောင်းတွေ ရုပ်သိမ်းသွားတာ မရှိသေးတော့ ဆက်ဖြစ်တယ်လို့ ပြောလို့ ရပါတယ်။ တနိုင်းအစပ်နဲ့ ဖားကန့်မြို့နယ် အစပ်မှာမနေ့က တိုက်ပွဲဖြစ်လို့ ဒေသခံတွေ ထွက်ပြေးနေရတာတော့ ရှိတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

အလားတူ ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်းရှိ KIA ၏ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ ဘက်တွင် လည်း ဒီဇင်ဘာလ ၃၀ ရက်နေ့ထိ တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်ပြီး တပ်မတော်ဘက်မှ ထိုးစစ်ဆင်နေဆဲ ဖြစ်သည်ဟု သူက ဆက်ပြောသည်။

Most read this week

December 17, 2025
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် ခလရ (၂၆၇) တပ်ရင်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်း တပ်သားသစ်...
December 16, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့၌ မြောက်ဦးဆေးရုံကို စစ်ကော်မရှင်မှ ပေါင်...
December 15, 2025
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အရှေ့ခြမ်း ဆွတ်နန်းကျေးရွာအနီးရှိ ရန်ကင်းတောင်စခန်း...
December 10, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုဦးတည် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်စစ်ကြောင်း က ဒေသခံ ၁၂...