မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ရခိုင်ပြည်နယ်အရေး သဟဇာတကျကျဖြေရှင်းဆောင်ရွက်ရေးကို ရည်ရွယ်ပြီး စစ်တွေမြို့မှ ဆရာတော်တစ်ပါးသည် ဒီဇင်ဘာ ၁၉ ရက်နေ့တွင် တစ်ကိုယ်တော် လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့သည်။
၎င်းဆရာတော်မှာ စစ်တွေမြို့ ၀ိဘဇ္ဇဝါဒီ ကျောင်းမှ ဦးစက္ကိန္ဒ ဖြစ်သည်။
ယမန်နေ့ နေ့လယ် ၂ နာရီတွင် ဦးဥတ္တမပန်းခြံမှ စပြီး စစ်တွေ လမ်းမကြီး တစ်လျှောက် အလံဖြူကိုင် လမ်းလျှောက်ခဲ့ပြီး ဝင်္ကဘာကွင်းတွင် အဆုံးသတ်ခဲ့သည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ရခိုင့်အရေးသည် တိုင်းရင်းသားအရေးထက် ကျော်လွန်နေပြီး အရေးပေါ် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် ရခိုင် အရေးကို အထူးအလေးထား ချဉ်းကပ်ဖြေရှင်းရန် လိုနေပြီ ဟု ဆရာတော်က သုံးသပ် ပြောဆိုသည်။
“ တိုင်းရင်းသားအရေးထက် ရခိုင့်အရေးဟာ အလေးထား ဖြေရှင်းရမယ့် အနေအထားကို အရေးပေါ် ရောက်နေပြီ ဖြစ်နေတဲ့အတွက် အစိုးရ အနေနဲ့ အသေအချာ လေ့လာ ဆန်းစစ် ခြုံငုံ သုံးသပ်ပြီး ဖြေရှင်းဖို့ လိုအပ်နေပါတယ်။ ဒီပြဿနာကို ဒီအတိုင်းထားလို့မရဘူး။ နိုင်ငံတကာ အနေနဲ့လည်း သမာသမတ်ကျကျ ဖြေရှင်းဖို့လိုတယ်။ ဘက်လိုက် ဖြေရှင်မယ် ဆိုရင် ရှည်လျားထွေပြားပြီး အချိန်ကုန် လူပင်ပန်း ဖြစ်လာမယ်ဆိုတာကို နိုင်ငံတကာကို ထောက်ပြချင်ပါတယ်” ဟု ဆရာတော်က မိန့်သည်။
၎င်းပြင် ဆရာတော်က မြန်မာနိုင်ငံတွင် ယခုလက်ရှိ ဖြစ်ပေါ်နေသည့် တိုင်းရင်းသားအရေးနှင့် ရခိုင့်အရေးကို စနစ်ကျကျ လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေများနှင့် အညီ သဟဇာတကျကျ ဖြေရှင်းပေးရန် လိုအပ်နေသည်ဟု ဆရာတော်က မိန့်သည်။







