ရခိုင်လူငယ်ညီလာခံကို ၂ဝ၁၈ ခုနှစ်၊ မေလဆန်းတွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌ ပြုလုပ်သွားမည်ဟု ညီလာခံဖြစ်မြောက်ရေးအဖွဲ့က ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။
ညီလာခံကို မေလ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ (၅)ရက်တိုင်တိုင်ကျင်းပမည်ဟု ဒီဇင်ဘာလ ၁၇ ရက်နေ့က တောင်ကုတ်မြို့ရှိ ရခိုင်လူငယ်ညီလာခံဖြစ်မြောက်ရေးရုံးတွင်ပြုလုပ်သည့် ညီလာခံဖြစ်မြောက်ရေးအဖွဲ့၏အစည်းအဝေးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ညီလာခံတွင် ရခိုင်လူငယ်နှင့် နိုင်ငံရေး၊ ရခိုင်လူငယ်နှင့် အလုပ်အကိုင်အခွင့်အလန်း၊ ရခိုင်လူငယ်နှင့် မူးယစ်ဆေးဝါးပြဿနာ၊ ရခိုင်လူငယ်နှင့် ပညာရေး စသည့်ကဏ္ဍများကို ဆွေးနွေးသွားကြမည်ဖြစ်သည်။
“ညီလာခံကနေ ထွက်ပေါ်လာတဲ့ ရလဒ်တွေကိုတော့ ဘာလုပ်မယ်ဆိုတာပြောဖို့ စောပါသေးတယ်။ ညီလာခံတက်လာတဲ့ ကိုယ်စားလှယ်တွေရဲ့ သဘောအတိုင်းပဲ ဘာလုပ်မယ်ဆိုတာ အဲဒီအချိန်ကျမှ သိနိုင်မှာပါ”ဟု ရခိုင်လူငယ်ညီလာခံဖြစ်မြောက်ရေးအဖွဲ့မှ ပြန်ကြားရေးအဖွဲ့ဝင် ကိုကောင်းမြတ်ကျော်က ပြောသည်။
အဆိုပါညီလာခံတွင် ရခိုင်ပြည်နယ်တွင်းရှိ လူငယ်များနှင့် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင် လူငယ်များအပါအဝင် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ဖားကန့်၊ ပလက်ဝနှင့် ပြည်ပနိုင်ငံများရှိ ရခိုင်လူငယ်များကိုလည်း ဖိတ်ကြားသွားမည်ဟုဆိုသည်။
“ကျနော်တို့ပြည်နယ်မှာ စီးပွားရေး၊ အလုပ်အကိုင်အခွင့်အလန်းနည်းနေတဲ့အချိန်မှာ ပြည်ပဘက်ကို ရောက်သွားကြတဲ့၊ နောက်တစ်ခါ ဖားကန့်တို့၊ ရန်ကုန်တို့၊ မလေးတို့၊ ထိုင်းတို့ကို ရောက်သွားကြတဲ့ အခါ လူငယ်တွေဟာ အားလုံး ဝါးစည်းပြေသလို ပြေသွားကြတယ်။ အဲဒါ ဘာကြောင့် ဒီလို ဖြစ်နေရလဲ၊ ဘာကြောင့် ဒီလိုအခက်အခဲတွေကြုံနေရသလဲဆိုတာတွေကို အတူတကွ ပူးပေါင်း အဖြေရှာပြီးတော့ ရခိုင်ပြည်ကောင်းကျိုးအတွက် အစိုးရနဲ့သော်လည်းကောင်း၊ အချင်းချင်း ချိတ်ဆက်ပြီးတော့ တိုးတက်ဖွံ့ဖြိုးအောင်လုပ်ဖို့အတွက် ဒီလူငယ်ညီလာခံကို လုပ်ဖို့ လိုအပ်ပါတယ်”ဟု တောင်ကုတ်မြို့မှ ရခိုင်လူငယ် ကိုဝင်းဇော်က ပြောသည်။
ရခိုင်ပြည်အနာဂတ်ကို လူငယ်များအချင်းချင်း လက်တွဲပူးပေါင်း ထုဆစ်ပုံဖော်နိုင်ရန်အတွက် ရခိုင်လူငယ်ညီလာခံကို ကျင်းပရန်စီစဉ်ရခြင်းဖြစ်သည်ဟု ညီလာခံဖြစ်မြောက်ရေးကော်မတီမှ သိရသည်။







