စားနပ်ရိက္ခာပြတ်တောက်နေသည့် တနိုင်းတွင် အချိန်မရွေးတိုက်ပွဲများ ပြန်ဖြစ်လာနိုင်ဟုဆို

စားနပ်ရိက္ခာပြတ်တောက်နေသည့် တနိုင်းတွင် အချိန်မရွေးတိုက်ပွဲများ ပြန်ဖြစ်လာနိုင်ဟုဆို
by -
စိုးသူအောင်

တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) တို့ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် စားနပ်ရိက္ခာ ပြတ်တောက် နေသည့် ကချင်ပြည်နယ်၊ တနိုင်းဒေသ ရှိစစ်ရေးအခြေ အနေမှာ အချိန်မရွေး တိုက်ပွဲများပြန်လည်ဖြစ်ပေါ်လာ နိုင်သေးကြောင်း KIO ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး နော်ဘူကပြောသည်။

“ နေ့တိုင်းလိုတော့ မဟုတ်ပါဘူး။ ၃ ရက်မှာ တစ်ခေါက်လောက်တော့ ဖြစ်ပါတယ်။ ဒါပေမယ့် တပ်မတော်ဘက် နဲ့ စစ်ကြောင်းတွေက ပြန်ပြီး အင်အားတွေ လည်းဖြည့်နေတုန်းဖြစ်ပါတယ်။ ဆိုတော့ အချိန်မရွေးကတော့ တိုက်ပွဲပြန်ဖြစ်နိုင်တာပေါ့ “ ဟု ၄င်းကပြောသည်။

ကချင်ပြည်နယ်၊ တနိုင်းဒေသတွင် တပ်မတော်နှင့် KIA တို့ ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက စစ်ရေး တင်းမာမှုများဖြစ်ပေါ်နေခြင်းဖြစ်ပြီး မကြာခဏထိ တွေ့မှုများလည်း ရှိခဲ့ကြောင်းသိရသည်။

တိုက်ပွဲများကြောင့် ကုန်စည်တင်ပို့မှုအခက်အခဲများဖြစ်ပေါ်နေပြီး  တိုက်ပွဲဖြစ်ပွားရာနေရာများသည် ဒေသခံများစိုက်ပျိုးထားသည့် တောင်ယာ စိုက်ခင်း များနှင့်လည်း နီးစပ်သောကြောင့်  ဆန်၊ ဆီ၊ ဆားကဲ့သို့ အခြေခံစားသောက်ကုန်များ   ပြတ်တောက်မှု ဖြစ်ပေါ်လာရခြင်းလည်းဖြစ်သည်။

တနိုင်းဒေသတွင် တပ်မတော်မှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများလုပ်ဆောင်နေခြင်းဖြစ်ပြီး မပြီးမချင်း KIA နှင့်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလာနိုင်သေး သည်ဟု ဒုဗိုလ်မှူးကြီးနော်ဘူကဆိုသည်။

ကချင်ပြည်နယ်၊ တနိုင်းဒေသသည် တပ်မတော်နှင့် KIA တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားတတ်သည့် နေရာထဲတွင် တစ်ခုအပါအဝင်လည်းဖြစ်ပြီး တနိုင်းတွင် ၂၀၁၇ နှစ်ဆန်းပိုင်းကလည်း ဆန်၊ ဆီ ပြတ်လပ်မှုဖြစ်ပေါ်ခဲ့သေးသည့် ဒေသတစ်ခုလည်းဖြစ်သည်။

လက်ရှိအချိန်ထိ ကချင်လွပ်လပ်ရေးအဖွဲ့ (KIO/ KIA) အဖွဲ့များဖြစ်သည့် တနိုင်းမြို့နယ်ရှိ တပ်ရင်း (၁၄)၊ တပ်ရင်း (၂၇) နှင့် (၁၂)  မန်စီမြို့နယ် ၊ ဗန်းမော်မြို့နယ် တို့အပြင် ဖားကန့်မြို့နယ်တို့တွင် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသည်။

KIA သည် ညီညွတ်သော တုုိင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ နုုတ်ထွက်၍ ဝပြည် သွေးစည်းညီညွတ်ရေး မှ ဦးဆောင် ဖွဲ့စည်းထားသော ပြည်ထောင်စုု နုုိင်ငံရေးဆွေးနွေး ညှိနှိုင်းရေး ကော်မတီ ( FPNCC) တွင် ပါဝင်ကာ တစ်နုုိင်ငံလုုံး ပစ်ခတ်တုုိက်ခုုိက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်း မဟုုတ်ဘဲ နုုိင်ငံရေးဆွေးနွေးရန် ကြိုးပမ်းနေသည့်အဖွဲ့လည်းဖြစ်သည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...