ဖမ်းဆီးခံသတင်းသမား ကိုကျော်စိုးဦး၏ မိသားစုဝင်များက အကျိုးအကြောင်းဘာမှ မသိရဟု ဆို

ဖမ်းဆီးခံသတင်းသမား ကိုကျော်စိုးဦး၏ မိသားစုဝင်များက အကျိုးအကြောင်းဘာမှ မသိရဟု ဆို

ဖမ်းဆီးခံ ရိုက်တာသတင်းသမားနှစ်ဦးအနက် ကိုကျော်စိုးဦး (ခ) မိုးအောင်၏ မိသားစုဝင်များက ၎င်း ဖမ်းဆီးခံရသည့် ကိစ္စနှင့် ပတ်သက်၍ ယခုတိုင် အကျိုးအကြောင်းတစုံတရာ ရှင်းရှင်းလင်းလင်း မသိရသေးဟု RiA သို့ ပြောသည်။

“ ကိုယ့်လင်ကိုယ့်သားကို ကိုယ့်ဆီကို အမြန်ဆုံး ရောက်စေချင်တယ်။ သူဘယ်မှာနေလို့ ဘာလုပ်နေတယ် ဆိုတာလည်း မသိရဘူး။ လိုင်းထက်မှာ တင်ကြတယ်။ အဲဒီလောက်ပဲ သိရတယ်။ ဖမ်းတယ်လို့ လောက်ပဲ ကြားတာ။ ပြီးတော့ သမီးလေးကလည်း ခုမှပဲ ၂နှစ်နဲ့ ၄ လောက်ပဲရှိသေးတာ။ အိမ်မှာလည်း သူ့ကိုမှီခိုပြီးတော့ စားသောက်နေရတာပါ” ဟု ကိုကျော်စိုးဦး၏ ဇနီးဖြစ်သူ မချစ်စုဝင်းက ပြောသည်။

စတင်ဖမ်းဆီးခံရသည်ဟု ကြားသိရသည့်နေ့မှာပင် မည်သည့်အတွက် ဖမ်းဆီး၍ ကိုကျော်စိုးဦးမှာ မည်သည့် အလုပ်ကို မည်သည့်အဖွဲ့အစည်းအတွက် လုပ်ကိုင်နေသည်ကိုပင် မသိခဲ့ရဟု မိသားစုဝင်များက ဆိုသည်။

“ အဒေါ် လိုချင်တာက သူရှိမယ့် နေရာကို အဓိက သိချင်တယ်။ သူနဲ့ လူကိုယ်တိုင်သွားတွေ့ချင်တယ်။ အဒေါ်တို့မြင်ရတာ လည်းမဟုတ်ဘူး။ ဖုန်းထဲကပဲ ကြားရတာ။ သူဘယ်လို ခံစားနေရတယ်ဆိုတာကိုလဲ မသိဘူး။ ဘာကြောင့် အဖမ်းခံရ တယ်ဆိုတာကိုလဲ မသိ။ ဘာဘဲဖြစ်ဖြစ် ကိုယ့်သား ကိုယ့်လက်ထဲ ရောက်ပါစေ။ အမြန်လွတ်ပါစေလို့ပဲ ဆုတောင်းနေရတာပေါ့။” ဟု  ကိုကျော်စိုးဦး ၏ မိခင်က ပြောသည်။

ကိုကျော်စိုးဦး (ခ) ကိုမိုးအောင်မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ ညက ကိုသက်ဦးမောင်  (ခ) ကိုဝလုံးနှင့်အတူ ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၎င်းတို့မှာ ရိုက်တာသတင်းထောက်များဖြစ်ကြောင်းနှင့် နိုင်ငံတော်လုံခြုံရေး အချက်အလက်များကို ပြင်ပသို့ ပို့ဆောင်ရန် ရည်ရွယ်သည်ဟုဆိုကာ ထောက်ကြံ့နယ်မြေရဲစခန်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒီဇင်ဘာလ ၁၃ ရက်နေ့ညတွင် နိုင်ငံပိုင်သတင်းမီဒီယာများက ထုတ်ပြန်ခဲ့သည်။

သတင်းသမား နှစ်ဦးနှင့်အတူ လုံခြုံရေးတပ်ဖွဲ့ခွဲမှ ဒုတိယရဲမှူး မိုးရန်နိုင်နှင့် ရဲတပ်ကြပ်ကြီး ခင်မောင်လင်း တို့ကိုပါ ဖမ်းဆီးစစ်ဆေးလျက်ရှိသည်ဟုလည်း အဆိုပါ သတင်းထုတ်ပြန်ချက်များတွင် ဖော်ပြပါရှိသည်။

သတင်းသမား နှစ်ဦး ဖမ်းဆီးခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာအစိုးရအနေဖြင့် ရှင်းလင်းပြောကြားမှုများ ပြုလုပ်ရန် လိုအပ်ကြောင်းနှင့် ပြန်လွှတ်ပေးသင့်သည်ဟု   မြန်မာ့သတင်းမီဒီယာအဖွဲ့အစည်းများအပါအဝင် မြန်မာနိုင်ငံဆိုုင်ရာ အမေရိကန်သံရုံး၊ ဗြိတိန်သံရုံးနှင့် အီးယူ၊ နိုင်ငံတကာသတင်းသမားများအဖွဲ့အစည်းတို့က တောင်းဆိုထားသည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...