ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မပျက်သွားရန် ဆက်လက် ကြိုးပမ်းမည်ဟု ဦးဟန်ညောင်ဝေ ပြော

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မပျက်သွားရန် ဆက်လက် ကြိုးပမ်းမည်ဟု ဦးဟန်ညောင်ဝေ ပြော
by -
ဖနိဒါ

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ဆွေးနွေးပွဲများ မပျက်ဘဲ ထိန်းသွားရန် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဥပရောပ မြန်မာရုံးThe Euro-Burma Office (EBO)၏ နှစ် ၂၀ ပြည့်အထိမ်းအမှတ် အခမ်းအနားတွင် ဒါရိုက်တာ ဟန်ညောင်ဝေက ပြောဆိုခဲ့သည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့သော ဥရောပ မြန်မာရုံး နှစ် ၂၀ ပြည့် အခမ်းအနားကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Holiday Garden ဟိုတယ်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ဆွေးနွေးပွဲ မပျက်အောင် ဘယ်လို ထိန်းသွားမလဲဆိုတာတွေ စဉ်းစားနေပါတယ်။ သူတို့ အကူအညီ တောင်းရင်လည်း ကူညီပေးပါတယ်။ အဓိကတော့ အခုလိုမျိုး ဆွေးနွေးပွဲ ဖြစ်နေတာ အခွင့်ကောင်း တစ်ခုပဲ။ အရင်တုန်းကဆို တိုက်ပွဲပဲဲ ဝင်ကြတယ်။ ဒီဟာကို မပျက်အောင်တော့ ထိန်းသွားပါ့မယ်။ ဖြစ်နိုင်ရင် တော့ ဒီထက် အခုပင်လုံ ဆွေးနွေးပွဲက မထိရောက်ဘူး။ ဒီထက်ကောင်းအောင် တကယ် ဘာပြဿနာတွေကို ဆွေးနွေး အဖြေရှာနိုင်မယ် ဆိုတဲ့ဟာ တွေကို ကျွန်တော်တို့ တစ်ဖွဲ့ပဲ စဉ်းစားတာ မဟုတ်ဘူး။ ပါတီတိုင်း၊ အဖွဲ့တိုင်းနဲ့ တိုင်ပင်နေပါတယ်။ ဒီထက် ထိရောက်အောင် မပျက်အောင် အစိုးရ လိုချင်တဲ ့အောင်မြင်မှု ဖြစ်အောင် ဘယ်ထောင့်ကနေ လိုက်တိုင်ပင်နေတယ်။ အစိုးရဘက် ဘာလိုချင်လဲ။ လက်နက်ကိုင်ဘက် ကလည်း ဘာလိုချင်သလဲ။ မြောက်ပိုင်းအဖွဲ့လည်း ဘာလိုချင်လဲဆိုတာ လိုက်စုံစမ်း နေပါတယ်”ဟု EBO ဒါရိုက်တာ ဟန်ညောင်ဝေက ပြောသည်။

၂၀၁၄ ခုနှစ်တွင်လည်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော NCCT တို့အကြား ဆွေးနွေးမှု ပျက်ပြားခါနီးတွင် ဆွေးနွေးမှု မပျက်သွားစေရန် Deep Of Commitment ကို လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းနိုင်ခဲ့သဖြင့် ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်နိုင်ခဲ့သည်ဟု သူက ပြောသည်။

မြန်မာ့ငြိမ်းချမ်းရေးအောင်မြင်ရန်အတွက် အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်ရာတွင် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အဓိက ဆွေးနွေးရမည် ဖြစ်သော်လည်း နိုင်ငံရေးအရ ဖက်ဒရယ် တည်ဆောက်မည်ဆိုပါက နိုင်ငံရေးပါတီနှင့် ပြည်သူ လူထုလည်း ပါဝင်ရန် လိုအပ်သဖြင့် ထိုသို့ ဖြစ်ပေါ်လာရန် ဆက်လက် ကြိုးပမ်းသွား မည် ဖြစ်ကြောင်း သူက ပြောသည်။

ထိုအခမ်းအနားတွင် NCA လက်မှတ်မထိုးသေးသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ဥက္ကဋ္ဌ နိုင်ဟံသာ၊ NCA လက်မှတ်ထိုးထားသော ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ)မှ ဒေါ်ရှယ်လီဆိုင်းနှင့် SWAN မှ နန်းချမ်ဟောမ်တို့က အခမ်းအနားတွင် EBO အား အမှတ်တရစကားများ ပြောကြားခဲ့ကြသည်။

EBO သည် ၁၉၈၈ ခုနှစ် မြန်မာအရေးအခင်းနောက်ပိုင်း နယ်စပ်တလျှောက်ရှိ ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား အကူအညီပေးခဲ့ရုံသာမက ပြည်နယ်တိုင်းတွင် ရှိသင့်သည့် ဖယ်ဒရယ်ဖွဲ့စည်းပုံ၊ တစ်နိုင်ငံလုံးအတွက် ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖြစ်ပေါ်လာရေးအတွက် များစွာ ကူညီပံ့ပိုးပေးခဲ့သော အဖွဲ့ဖြစ်၍ တိုင်းရင်းသားများအတွက် များစွာ အကျိုးပြုသော အဖွဲ့တစ်ဖွဲ့ဖြစ်သည်ဟု နိုင်ဟံသာက အခမ်းအနားတွင် ပြောဆိုခဲ့သည်။

“ပြောမယ်ဆိုရင် EBO ဟာ ကျွန်တော်တို့ တိုင်းရင်းသား တော်လှန်ရေးအတွက် တိုင်းရင်းသားတွေကို ဖက်ဒရယ် ပြည်ထောင်စုနဲ့ ပတ်သက်တဲ့ အခြေခံ မူသဘောထားတွေကို အများကြီးကို ဖြည့်ဆည်းပေး နိုင်ခဲ့တယ်။ ဒါတွေက တန်ဖိုး မဖြတ်နိုင်တဲ ့အနေအထားပါ။ အခုဆိုရင်တော့ ဆွေးနွေးပွဲတွေ ဖြစ်နေပြီ။ အန်စီအေတွေ ဖြစ်လာပြီ။ ဆွေးနွေးပွဲတော့ မဖြစ်သေးပါဘူး။ ၂၁ ပင်လုံတွေ ဖြစ်လာပြီ။ ဒါက အကျိုးဆက် ပေါ့လေ။ ဒါပေမယ့် စစ်မှန်တဲ့ နိုင်ငံရေးဖြေရှင်းတဲ့ အနေအထားတော ့မရောက်သေးဘူးပေါ့နော်။ တော်တော် လေး အကျိုးတက်ရောက်မှု ရှိတယ်လို့၊ ဒါကြောင့် ကျွန်တော်လည်း ခြုံပြီး ပြောရမယ်ဆိုရင် အီးပီအိုဟာ ကျွန်တော်တို့ တိုင်းရင်းသားတွေအတွက် အဓိက အကျိုးပြုတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်”ဟု နိုင်ဟံသာက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရန် EBO အဖွဲ့အနေဖြင့် ဆက်လက် ကြိုးပမ်းနေလိုကြောင်း တိုက်တွန်းပြောဆိုခဲ့သည်။

ဦးဟန်ညောင်ဝေသည် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ် နေဝင်း အာဏာသိမ်းပြီးနောက် ၁၉၆၃ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ဒုက္ခသည်အဖြစ် ရောက်ရှိလာကာ ၁၉၆၉ ခုနှစ်တွင် ကနေဒါနိုင်ငံသို့ ဒုက္ခသည်အဖြစ် ခိုလှုံခွင့် ရရှိခဲ့သည်။ ၁၉၈၈ ခုနှစ် မြန်မာအရေးအခင်း ဖြစ်ပွားခဲ့ချိန်မှစ၍ နိုင်ငံရေးတွင် စတင်ဝင်ရောက်လာ၍ ဥပဒေပရုံး ဖြစ်ပေါ်လာရေး ကြိုးပမ်းခဲ့ရာမှ ၁၉၉၇ ခုနှစ်တွင် ဥရောပ သမဂ္ဂ၏ အကူအညီဖြင့် ဥရောပ မြန်မာရုံးကို ဖွင့်လှစ်နိုင်ခဲ့သည်။

ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည် လွှတ်မြောက်ရေးအတွက် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်၍ ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နယ်စပ်တလျှောက်တွင် မြန်မာ့အရေး လှုပ်ရှား သူများနှင့်အတူ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်၍ နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းအဖြေရှာကာ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်ပေါ်ရန် ညှိနှိုင်းဆွေးနွေးခဲ့သည်ဟု ဦးဟန်ညောင်ဝေက ပြောသည်။

၁၉၉၈ မှ ၂၀၀၈ ခုနှစ်အထိ ပြည်တွင်းပြည်ပ နိုင်ငံရေးလှုပ်ရှားသူများ၊ နိုင်ငံရေးပါတီများ၊ လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအစီအစဉ် (National recocilation program -NRP) လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

၂၀၁၁ ခုနှစ် သြဂုတ်လတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်ရန် ဦးသိန်းစိန် အစိုးရက ဖိတ်ခေါ်ခဲ့ပြီး ဦးအောင်မင်းက ဦးဟန်ညောင်ဝေကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ညှိနှိုင်းဆွေးနွေးရန် အကြံဉာဏ်တောင်းခံခဲ့သဖြင့် ထိုနှစ် နိုဝင်ဘာလတွင် KIO, KNPP,CNF, KNU, RCSS အဖွဲ့အစည်းများနှင့် ထိုင်းနိုင်ငံ ချင်းရိုင်မြို့တွင် ပထမဦးဆုံး တွေ့ဆုံရန် ညှိနှိုင်းနိုင်ခဲ့ရာမှ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်ခဲ့သည်ဟု ဦးဟန်ညောင်ဝေက ပြောပြခဲ့သည်။

နှစ် ၂၀ အတွင်း အအောင်မြင်ဆုံးသည် ငြိမ်းချမ်းရေးဖြစ်စဉ် ဖြစ်ပေါ်လာခြင်း ဖြစ်သော်လည်း ထိုကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ လက်နက်ကိုင်အဖြေရှာမှုတွင် အခက်အခဲရှိပြီး နိုင်ငံရေး အရ အဖြေရှာရန် ပြောဆိုလာသော်လည်း ယခင် အစိုးရဘက်မှ နိုင်ငံရေးဆွေးနွေးရန် ပြောဆိုခြင်း မရှိခဲ့သဖြင့် အစိုးရဘက်မှ ငြိမ်းချမ်းရေး ဖော်ဆောင်လာနိုင်ရေးအတွက် ကြိုးပမ်းရာတွင် အခက်အခဲဆုံး ဖြစ်ခဲ့သည်ဟု သူက ပြောသည်။

“လက်နက်ကိုင်ဘက်က ကျွန်တော်တို့နဲ့ ဆွေးနွေးရင်းနဲ့ သူတို့မြင်လာတာက လက်နက်ကိုင်ပြီး အဖြေရှာတဲ့ နေရာမှာ အခက်အခဲရှိတယ်။ နိုင်ငံရေး အဖြေရှာရမယ်လို့ ပြောလာတယ်။ ပြောလာတော့ အဲဒီအချိန်တုန်းက အစိုးရက စကားမပြောချင်ဘူး။ အဲဒါက အခက်ဆုံးဘဲ။ ကျွန်တော်တို့က အစိုးရဘက်က စကားပြောလာအောင် ဘယ်လိုလုပ်မလဲဆိုတာ ပြဿနာဖြစ်ခဲ့ပါတယ်။ အခုကတော့ အစိုးရက ပြောချင်တယ်ဆိုတော့ ပိုကောင်းတယ် လို့ ပြောချင်တယ်။ ဒါပေမဲ့ အစိုးရဘက်နဲ့လက်နက်ကိုင်ဘက် ၊ အကုန်လုံးကို ကြည့်မယ်ဆိုရင် နားလည်မှု ကောငး်ကောင်းမရသေးဘူး။ နားလည်မှု အဆင်ပြေသွားရင်တော့ ပိုကောင်းတယ်လို့ မြင်တယ်” ဟု ဦးဟန်ညောင်ဝေက ပြောသည်။

ထိုအခမ်းအနားတွင် EBO မှ အကြံပေးနှင့် မြန်မာအရေးလေ့လာသူ စားရေးဆရာ Paul Keenanက မြန်မာ့ နိုင်ငံရေး အပြောင်းအလဲနှင့် ပတ်သက်သည့် “ Realising Peace In Myanmar” ဟူသော စာအုပ်ကို ဖြန့်ချိလိုက်သည်။

March 4, 2024
ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရန်ဆွေးနွေးခြင်းမရှိကြောင်း ရက္ခိုင့်တပ်တော်(AA)၏...
February 23, 2024
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အားကစားရုံအတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့ အစည်းအဝေး...
February 22, 2024
တနင်္သာရီတိုင်း ၊ထားဝယ်မြို့နယ်တွင် ယမန်နေ့ဖေဖော်ဝါရီ ၂၁ ရက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း...
February 21, 2024
ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်တွင် စစ်ကောင်စီတပ်စခန်းတခုသာရှိတော့ပြီး မြို့ကိုဝိုင်းထား ကြောင်း...