ရခိုင်ပြည်နယ်နေ့ အကြို ရခိုင်ရိုးရာဝတ္ထု ပုံပြော ပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်နေ့ အကြို ရခိုင်ရိုးရာဝတ္ထု ပုံပြော ပြိုင်ပွဲကျင်းပ
by -
မဘုကေ

လာမည့် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၄၃) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အကြို ရခိုင်ရိုးရာ ၀တ္ထုပုံပြောပြိုင်ပွဲကို ဒီဇင်ဘာ ၁၁ ရက်နေ့က စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

“ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ကျရောက်မယ့် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုတဲ့ အနေနဲ့ ဒီရခိုင်ရိုးရာ ဝတ္ထု ပုံပြောပြိုင်ပွဲကို ပြုလုပ်ကျင်းပရတာ ဖြစ်ပါတယ်။ ကျောင်းပေါင်း ၂၀ က ကျောင်းသား ကျောင်သူတွေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်” ဟု ပြိုင်ပွဲကျင်းပရေးကော်မတီ အတွင်းအရေးမှူး ဦးစိန်ထွန်းလှက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ယခုနှစ်ပြုလုပ်သည့် ရခိုင်ရိုးရာဝတ္ထု ပုံပြောပြိုင်ပွဲမှာ ရခိုင်ပြည်နယ်နေ့ အကြို အဖြစ် ဒုတိယ အကြိမ်မြောက် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

” ရခိုင်လူမျိုးတွေရဲ့ ယခင် ဓလေ့ အစဉ်အလာက ပုံပြင်ပြောပြီး အိပ်ရာဝင်ခဲ့ကြတယ်။ အခုက အိပ်ရာဝင် ပုံပြင်တွေဟာ ပျောက်ကွယ် သွားပြီဖြစ်ပါတယ်။ ဒါကို ပြန်လည် ဖော်ထုတ်တဲ့ အနေနဲ့ ရခိုင်ပြည်နယ်နေ့ အကြို ပုံပြော ပြိုင်ပွဲကို ထည့်သွင်းရတာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ ရိုးရာ ပုံပြင်တွေ ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းလိုတဲ့ ရည်ရွယ်ချက်နဲ့ အဓိက ကျင်းပတာပါ” ဟု သူက ဆိုသည်။

ရခိုင်လူမျိုးတို့တွင် ရိုးရာဝတ္ထု (ပုံပြင်) များစွာ ရှိရာ ထိုအထဲတွင် ဖားပြုတ်ကေပုံပြင်၊ လိပ်ကမ္ဘာမ ပုံပြင်၊ သမီးဒါထွီးယေပုံပြင်၊ ကျီးဖြူရွာပုံပြင်၊ သံကိုးမောင်း၊ ငပျင်းယေ ပုံပြင်များမှာ နာမည်ကြီး ပုံပြင်များ ဖြစ်ကြသည်။

ရခိုင်ရိုးရာ ပုံပြောပြိုင်ပွဲကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဦးဆောင် ပြုလုပ်ခြင်းဖြစ်ပြီး စစ်တွေ မြို့ပေါ်ရှိ ကျောင်းပေါင်း ၂၀ မှ ကျောင်းသား ကျောင်းသူများ လာရောက် ယှဉ်ပြိုင်ခဲ့ကြသည်ဟု သိရသည်။

ရခိုင်ရိုးရာ ၀တ္ထု ပုံပြောပြိုင်ပွဲ ပထမဆုမှာ ငွေကျပ် ရသောင်း၊ ဒုတိယဆုမှာ ငွေကျပ် ၆သောင်းနှင့် တတိယဆုမှာ ငွေကျပ် ၅ သောင်းသတ်မှတ်ထားပြီး ဆုများကို ရခိုင်ပြည်နယ်နေ့ အခမ်းအနားတွင် ချီးမြှင့် ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

(၄၃) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် ရခိုင်ရိုးရာ ပုံပြောပြိုင်ပွဲ အပါအဝင် စာစီစာကုံး ပြိုင်ပွဲ၊ ပန်းချီ ပြိုင်ပွဲ များလည်း ပါဝင်သည်ဟု သိရသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...