ရခိုင်ပြည်နယ်တွင် မှီတင်းနေထိုင်လျှက်ရှိသည့် တိုင်းရင်းသားမျိုးနွယ်စုဝင်များအားလုံး သဟဇာတ ရှိစေရန်နှင့် မျိုးနွယ်စုဝင်များ အချင်းချင်းကြားတွင် ယုံကြည်မှုဖြင့် အတူလက်တွဲသွားနိုင်ရန် ရည်ရွယ်၍ စစ်တွေမြို့ စစ်တွေဟိုတယ်တွင် အလုပ်ရုံး ဆွေးနွေးပွဲတစ်ခု ပြုလုပ်နေကြောင်း သိရသည်။
၎င်းတွေ့ဆုံပွဲကို ဒီဇင်ဘာလ ၁၁ ရက်နေမှ ၁၂ ရက်နေ့အထိ ၂ ရက်တိုင်တိုင် ပြုလုပ်သွားမည် ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်လျှက်ရှိသည့် ရခိုင်၊ ခမီ၊ မြို၊ ဒိုင်းနက်၊ သက်၊ မရမာကြီး၊ လေးတူ(ချင်း)နှင့် စစ်တွေအခြေစိုက် လူမှုအဖွဲ့အစည်း ၆ ဖွဲ့ တို့ မှ ကိုယ်စားပြုသူများ တက်ရောက် ဆွေးနွေးနေကြောင်း သိရသည်။
“ရခိုင်ပြည်မှာရှိတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေအထဲမှာ သဟဇာတဖြစ်ဖို့ ရည်ရွယ်ပါတယ်။ နောက်တစ်ချက်က လူမျိုး တစ်မျိုးနဲ့ကြားမှာ ယုံကြည်မှုတည်ဆောက်ပြီးတော့ ကျွန်တော်တို့အနာဂတ်ကို ဘယ်လိုပုံစံမျိုးနဲ့ လက်တွဲပြီးတော့ သွားရမလဲ။ ကိုယ်တို့မှာ ဘာလိုအခက်အခဲရှိလဲ။ သူတို့အခက်အခဲကိုရော ဘယ်နေရာ အထိရောက်အောင် ပံပိုးပေးနိုင်မလဲဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီတိုင်းရင်းသား မျိုးနွယ်စုတွေကို စုစည်းပြီးတော့ လုပ်ရခြင်းဖြစ်ပါတယ်” ဟု ပွဲဖြစ်မြောက်ရေး တာဝန်ခံ ဦးရွှေဘော်စိန်က နိရဥ္စရာသတင်းဌာနကို ပြောသည်။
၎င်းပြင်သူက “ ကျနော်တို့ ဒီလိုမျိုးဆွေးနွေးလုပ်လိုက်တော့ ရင်ထဲမှာ ခံစားနေရတဲ့ ရင်တွင်းဖြစ်အသံတွေကို ဖွင့်ဟပြောဆိုခဲ့တဲ့အတွက်ကြောင့် သူတို့စိတ်ထဲမှာလည်း ကျေနပ်သွားကြမယ်လို့ထင်ပါတယ်”ဟု ဆက်လက်ပြောကြားသည်။
မျိုးနွယ်စုဝင်များ၏ အခန်းကဏ္ဍအား အစိုးရဖက်မှလည်း လစ်လျူရှူမထားပဲ အလေးအနက်ထား၍ စဉ်းစားလာသည်အထိဖြစ်အောင် မျှော်လင့်ထားကြောင်း ဖြစ်မြောက်ရေးတာဝန်ခံက ပြောသည်။







