“သူတို့က မြန်မာဘက်က နယ်စပ်ပွိုင့်တွေကို လေးရက်တိတိ တိုင်းတာခဲ့ပါတယ်။ မေလ ရ ရက်နေ့က ဘင်္ဂလာဒေရှ့်ကို ပြန်သွားပြီး မြန်မာဘက်က အဖွဲ့တစ်ခုလည်း ဆက်လက်တိုင်းတာမှုတွေ ပြုလုပ်ဖို့ ဘင်္ဂလာဒေရှ့်ကို ထွက်ခွာသွားပါတယ်” ဟု မြန်မာ အရာရှိ တစ်ဦးက ပြောကြားသည်။
မြန်မာ မြေတိုင်း ဦးစီးဌာနမှ နယ်စပ်တိုင်းတာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဗိုလ်မှူး ဦးထွန်း ဦးဆောင်သောအဖွဲ့ဝင် ၁၁ ဦးပါ အဖွဲ့တစ်ခုသည်လည်း ဘင်္ဂလာဒေရှ့်နိုင်ငံ ကော့စ်ဘဇားမြို့သို့ မေလ ရ ရက်နေ့က ရောက်ရှိသည်ဟု သိရသည်။
အဆိုပါ အဖွဲ့သည် ဘင်္ဂလာဒေရှ့် မြေတိုင်းအဖွဲ့နှင့် ပူးပေါင်းကာ နယ်စပ် တိုင်းတာမှုများကို မေလ ၁၁ ရက်နေ့ထိ (၄) ရက်တိုင်တိုင် ပြုလုပ်သွားမည်ဟု ဘင်္ဂလာဒေရှ့် အရာရှိများက ပြောသည်။
မြန်မာနှင့် ဘင်္ဂလာဒေရှ့် နှစ်နိုင်ငံအကြား နယ်စပ် အငြင်းပွားမှုမကြာခဏ ပေါ်ပေါက်မှုများရှိနေကြောင်း၊ အထူးသဖြင့် နတ်မြစ်အတွင်း ဖြစ်ကြောင်း၊ မြစ်ကြောင်း ပြောင်းလဲမှုနှင့် ကျွန်းသစ်ဆန်လာမှုများ နတ်မြစ်အတွင်း မကြာခဏ ပေါ်ပေါက်ကြောင်း၊ သို့အတွက် ဘင်္ဂလာဒေရှ့် ငါးဖမ်းသမားများ နတ်မြစ်အတွင်း ငါးဖမ်းစဉ် မြန်မာရေပိုင်နက် ကျူးကျော်ဝင်ရောက်၍ မကြာခဏ ဖမ်းဆီးခံရမှုများ ရှိနေကြောင်း သိရှိရသည်။







