ကွယ်လွန်သွားခဲ့ကြသည့် ရခိုင်အကျိုးပြု ကဗျာဆရာနှင့်စာရေးဆရာများ၏ ဂုဏ်ပြုမော်ကွန်းကျောက်တိုင်စိုက်ထူဖွင့်လှစ်ပွဲ ပြုလုပ်

ကွယ်လွန်သွားခဲ့ကြသည့် ရခိုင်အကျိုးပြု ကဗျာဆရာနှင့်စာရေးဆရာများ၏ ဂုဏ်ပြုမော်ကွန်းကျောက်တိုင်စိုက်ထူဖွင့်လှစ်ပွဲ ပြုလုပ်
by -
စိုးဇံအောင်

ရခိုင်အကျိုးပြုစာရေးဆရာများနှင့် ကဗျာဆရာများ၏ အထိမ်းအမှတ် မော်ကွန်းကျောက်တိုင် စိုက်ထူဖွင့်လှစ်ခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၁၀ ရက်နေ့နံနက် ၈ နာရီတိတိ အချိန်တွင် သံတွဲမြို့ အောင်မြေသာစည် ပရိယတ္တိစာသင်ကျောင်းတိုက် ၌စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

အောင်မြေသာစည်ကျောင်းဝင်းထဲမှ အနုပညာရင်ပြင်တွင် ကွယ်လွန်သွားခဲ့ကြပြီ ဖြစ်သည့် မောင်လွမ်းကြင်၊ ကဗျာဆရာ ရွှေရ (တောင်ကုတ်)တို့ ကဲ့သို့ ရခိုင့်အကျိုးပြု နာမည်ကျော် စာရေးဆရာနှင့် ကဗျာဆရာများ၏ ကမ္ဗည်းမော်ကွန်းတိုင် ၉ တိုင်သာ စိုက်ထူ ထားခဲ့သောလည်း ယခုနှစ်တွင် အခြား ရခိုင့်အထင်ကရပုဂ္ဂိုလ် ၄ ဦး၏မော်ကွန်းတိုင်များကို ထပ်လောင်းစိုက်ထူခဲ့သည်ဟု သိရသည်။

ထပ်လောင်းစိုက်ထူဂုဏ်ပြုခြင်းခံရသော မော်ကွန်းတိုင်ပိုင်ရှင် ရခိုင်အထင်ကရပုဂ္ဂိုလ်များမှာ -

(၁) သမိုင်းပညာရှင် ပါမောက္ခဒေါက်တာအေးကျော်

(၂) စာရေးဆရာ တက္ကသိုလ် တင့်လွင်ဦး

(၃) ကဗျာဆရာအောင်သာမိုး

(၄) စာရေးဆရာ ကိုကိုးကျွန်းပြန်နိုင်ငံရေးသမားကြီး ဦးလှဖေ (ခ)ဦးတင့်ဇော်တို့ဖြစ်ကြောင်းသိရသည်။

အဆိုပါအခမ်းအနားကို တောင်ကုတ်မြို့ ကုလရက္ခိတအဖွဲ့၏ ရခိုင်ရိုးရာစည်တော်ဖြင့် တီးခတ်တင်ဖွင့်လှစ်ခဲ့ပြီး တောင်ကုတ်မြို့ရိုးမရင်လှိုင်းရခိုင် စာပီရိပ်မြုံမှ သမီးငယ်လေးများက ရခိုင်ရိုးရာ မဟာမုနိဘဂဝါ အကဖြင့် ကပြဖျော်ဖြေခဲံကြောင်း သိရှိရသည်။

“ကျွန်တော်တို့ဒီပွဲကိုကျင်းပရတဲ့အဓိကအကြောင်းရင်းကတော့ ဒီဆရာကြီးတွေဟာ သူတို့ရဲ့ အနုပညာနဲ့ရခိုင်အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့အထင်ကရ ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ အတွက် နောက်လူတွေအတွက် သမိုင်းတစ်ခုကျန်ခဲ့သင့်တယ်ထင်လို့ပါ။ ပြီးတော့ ခုလူငယ်တွေ အနေနဲ့ ဒီပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ ရခိုင်အထင်ကရ ပုဂ္ဂိုလ်တွေကို သိရှိပြီး ဂုဏ်ပြုနိုင်အောင် ကျွန်တော်တို့ကဖော်ထုတ်ပေးတာပါ”ဟု ဂုဏ်ပြုပွဲကိုဦးဆောင်ကျင်းပသူ ကဗျာဆရာ Marble ဥက္ကာက နိရဥ္စရာသို့ပြောသည်။

အဆိုပါပွဲတွင်စာရေးဆရာ ငွေသဇင်(သံတွဲ)မှအဖွင့် အမှာစကားပြောကြားခဲ့ပြီး အခြားစာရေးဆရာ အသီးသီးမှလည်း ဂုဏ်ပြုခံပုဂ္ဂိုလ်များ၏ အတ္ထုပတ္တိများကို ကိုယ်စီရွတ်ဖတ်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါဂုဏ်ပြုပွဲအခမ်းအနားအားသံတွဲနှင့်တောင် ကုတ်အပါအဝင်နေရာ အသီးသီးမှ စာရေးဆရာများ ကဗျာဆရာများနှင့် စာပေဝါသနာရှင်များစုစုပေါင်း ၁၀၀ ခန့် တက်ရောက်ကြောင်း ၄င်းက ဆက်ပြောသည်။

အခမ်းအနားကိုနေ့လယ် ၁၂ နာရီအချိန်တွင် ရိုးမရင်လှိုင်းရခိုင်စာပီရိပ်မြုံမှ ရခိုင်သမီးငယ်လေးများ၏ ရခိုင်ရိုးရာသျှင်ဒိုင်အကဖြင့် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်းသိရပါသည်။

 

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...