SSPP ၏နယ်မြေ မိုင်းရင်ကျေးရွာအုပ်စုကို ပြောင်းလဲထိန်းချုပ်ထားဟု TNLA ပြော

SSPP ၏နယ်မြေ မိုင်းရင်ကျေးရွာအုပ်စုကို ပြောင်းလဲထိန်းချုပ်ထားဟု TNLA ပြော
by -
စိုးသူအောင်

ရှမ်းပြည်တပ်ဖွဲ့(SSPP/SSA) ၏ ထိန်းချုပ်နယ်မြေဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းရှိ မိုင်းရင်ကျေးရွာအုပ်စုကို တအာဝ်း/ ပလောင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (TNLA) မှ ပြောင်းလဲထိန်းချုပ် လိုက်သည်ဟု TNLA ဘက်က ပြောသည်။

အဆိုပါနယ်မြေသည် ယခင်ကတည်းက (SSPP/SSA) ၏ထိန်းချုပ်နယ်မြေအတွင်းရှိနေခြင်းဖြစ်သော်လည်း မိုင်းရင်ကျေးရွာအုပ်စု တွင် တအာဝ်း/ ပလောင် ရွာများရှိသည့်အပြင် မူးယစ်ဆေးဝါး ထိန်းချုပ်သည့်ကိစ္စများ ကြောင့် နှစ်ဖက်နားလည်မှုယူလိုက်ခြင်းဖြစ်ကြောင်း TNLA ဒုတိယဥက္ကဋ္ဌ တာဂျတ်ဂျား ဆိုသည်။

“ အဲဒီ နယ်မြေတွေက အရင်ကလည်းနေဖူးတဲ့နေရာတွေလေ အဓိက ပလောင်ကျေးရွာလည်း ရှိတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်တဲ့နေရာမှာ ဗွီနိုင်း တွေ လိုက်ကပ်တာပေါ့ ။ မူးယစ်ဆေးဝါးမရောင်းရ၊ မသုံးရ။ ဒါ SSPP လည်းသဘောတူတယ်လေ။ အဲဒါ တစ်ဖက်က ရှောင်ပေးသွားတာ။ ဘာမှမဟုတ်ဘူး အဓိက က ပူးတွဲတာပါ” ဟု ၄င်းက ပြောသည်။

နမ္မတူမြို့နယ်တွင်းရှိ မိုင်းရင်ကျေးရွာအုပ်စုတွင် ဒီဇင်ဘာလ ၁ ရက်နေ့ မှစတင်ကာ SSPP/SSA ထိန်းချုပ် နယ်မြေမှ TNLA ထိန်းချုပ်နယ်မြေအဖြစ်သို့ ပြောင်းလဲလိုက်ခြင်းဖြစ်ပြီး ဒေသခံများကိုလည်း မိုင်းရင် ဘုန်းတော်ကြီးကျောင်း၌ အစည်းအဝေး တစ်ရက် ခေါ်ယူခဲ့ကြောင်း သိရသည်။

 အဆိုပါကိစ္စနှင့် ပက်သက်ပြီး ရှမ်းပြည်တပ်မတော် (SSPP/SSA) ဘက်ကို မဇ္ဈိမမှ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းသော်လည်း သီးခြားအတည်ပြုပေးခြင်းမရှိပေ။

 SSPP/SSA နှင့် TNLA တို့သည် အစိုးရမှ တရားမဝင်အဖွဲ့အစည်း အဖြစ်ကြေညာထားသည့်အဖွဲ့လည်းဖြစ်ပြီး UWSA ဦးဆောင်သည့် လက်နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော   ပြည်ထောင်စု နိုင်ငံရေး ညှိနှိုင်းဆွေးနွေး ရေး ကော်မတီ (FPNCC) အဖွဲ့ဝင်လည်း ဖြစ်သည်။

Most read this week

March 4, 2024
ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရန်ဆွေးနွေးခြင်းမရှိကြောင်း ရက္ခိုင့်တပ်တော်(AA)၏...
February 23, 2024
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အားကစားရုံအတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့ အစည်းအဝေး...
February 22, 2024
တနင်္သာရီတိုင်း ၊ထားဝယ်မြို့နယ်တွင် ယမန်နေ့ဖေဖော်ဝါရီ ၂၁ ရက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း...
February 21, 2024
ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်တွင် စစ်ကောင်စီတပ်စခန်းတခုသာရှိတော့ပြီး မြို့ကိုဝိုင်းထား ကြောင်း...