အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးများ ပြန်လည်စတင်မည်ဆိုပါက ကုန်သွယ်ရေးလမ်းကြောင်းတလျှောက် မြေပြင်တိုက်ပွဲများ ပိုမိုပြင်းထန်လာဖွယ်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသတွင်းလေ့လာသူများက မှတ်ချက်ပြုသည်။
အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နရန်ဒရာ မိုဒီ၏ ဖိတ်ခေါ်မှုဖြင့် အလည်အပတ် ရောက်ရှိနေသော စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲတွင် ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း (KMMTTP) နှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးတို့သည် နှစ်နိုင်ငံကုန်သွယ်မှုသာမက အိန္ဒိယ-အာဆီယံ စီးပွားရေးစင်္ကြန်များတလျှောက် ရင်းနှီးမြှုပ်နှံရန် အခွင့်အကောင်းများ ရှိနေသည်ဟု ဖိတ်ခေါ်ခဲ့သည်။
ယင်းလမ်းမကြီးများတွင် ကုန်သွယ်ရေးများ လုပ်ဆောင်ပါက မြေပြင်တွင် ထိန်းချုပ်ထားသည့် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်ဟု သုံးသပ်ကြခြင်းဖြစ်သည်။
“အခုလက်ရှိ ချင်းပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ မြေပြန့်ကုန်သွယ်ရေးလမ်းတလျှောက်လည်း စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတော့ ကုန်သွယ်ရေးပြန်လုပ်မယ်ဆိုရင်တော့ စစ်အရင်ပြီးအောင် တိုက်ကြရမယ်” ဟု ကလေး - ကဘော်ဒေသအတွင်း အခြေစိုက်သည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တဦးက မဇ္ဈိမကို ပြောသည်။
တမူးနှင့်ကလေးမြို့ကြားကို ကလေး-ကဘော်ဒေဟုခေါ်တွင်ပြီး အန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ကုန်သွယ်မှုလမ်းကြောင်းတွင် တည်ရှိနေသည်။
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ မိုးရေးမြို့မှစတင်သော ကုန်သွယ်လမ်းကြောင်းသည် မြန်မာနိုင်ငံ တမူးမြို့၊ ကလေး၀မြို့၊ ယာကြီး-မုံရွာလမ်းကြောင်း၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ဘားအံ၊ ကော့ကရိတ်၊ မြ၀တီမြို့များကိုဖြတ်သန်း၍ ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ အဝေးပြေးလမ်းမကြီးသို့ ဝင်ရောက်သည်။ လက်ရှိတွင် တမူးမြို့ နန့်ဖာလုံသည် စစ်ရေးအခြေအနေများကြောင့် ပိတ်ထားရပြီး တမူး-ကလေး-ယာကြီး-ကလေးဝ-မုံရွာ လမ်းကြောတလျှောက် စစ်အုပ်စုနှင့် ဒေသခံတော်လှန်ရေး နှစ်ဖက်တပ်များ ကွက်ကြားစိုးမိုးနေသည့် အခြေအနေဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
တမူးမြို့နှင့် ကလေးမြို့အကြားရှိ ပန်းသာရွာ၌ စစ်တပ်နှင့် လက်အောက်ခံတပ်ဖွဲ့များ စိုးမိုးထားပြီး ခါမ်းပါတ်မြို့နှင့် ကျန်ကြားဒေသများကို တော်လှန်ရေးအဖွဲ့များက ထိန်းချုပ်ထားသည်။
ထို့အပြင် အိန္ဒိယမှ အကုန်အကျခံ ဦးစီးလုပ်ကိုင်နေသော ကီလိုမီတာ ၁၂၀ ကျော်အရှည်ရှိ ယာကြီးလမ်း မြေသားထိန်းသိမ်းခြင်းနှင့် နိုင်လွန်ကတ္တရာခင်းသည့် ဒေသများတွင်လည်း နေရာအများစုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။
ကုလားတန်စီမံကိန်းဒေသ အပါအဝင် ဆုံးရှုံးထားသည့် ဒေသများကို ပြန်လည်ထိန်းချုပ်ရန်အတွက် ချင်းပြည်နယ်တောင်ပိုင်းကို ၂၀၂၆ ခုနှစ်အကုန်တွင် အပြီးသိမ်းပိုက်ပြီး ရခိုင်ပြည်သို့ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း စစ်အုပ်စု ထိန်းချုပ်ထားသောဒေသမှ မီဒီယာများက ရေးသားခဲ့ကြသည်။
ရခိုင်ပြည်နယ်ကို တိုက်ခိုက်ရန်အတွက် မကွေးတိုင်း၊ ကျောက်ထုနှင့် ဆောမြို့နယ်များမှတဆင့် ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်နှင့် မင်းတပ်မြို့နယ်များကို စစ်အုပ်စုတပ်က မေလ ပထမအပတ်မှစ၍ လေကြောင်းပစ်ကူ အဆမတန်သုံးကာ မြေပြင်စစ်အင်အား ထောင်ဂဏန်းဖြင့် စစ်ကြောင်းထိုးလာရာ ယော၊ ချင်းနှင့် မဟာမိတ်တပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
အလားတူ ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် တွန်းဇံမြို့ကို မကြာမီက ပြန်လည်သိမ်းပိုက်ထားသော စစ်အုပ်စုအနေဖြင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသော အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးအမှတ် (၂) စခန်းဖြစ်သည့် ရိဒ်ခေါ်ဒါကို တိုက်ခိုက်ရန် ပြင်ဆင်နေပြီး အနီးနားရှိ ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကြဲချမှုရှိခဲ့ကြောင်း နယ်စပ်ရှိ သတင်းရင်းမြစ်များက ပြောသည်။
“သူတို့ကတော့ နယ်မြေထိန်းချုပ်ထားတဲ့သူနဲ့ သူတို့အကျိုးစီးပွားအတွက် ဆက်ဆံမှာပဲ။ အဲဒီတော့ အဲဒီနေရာကို ဘယ်သူစိုးမိုးထားသလဲဆိုတာပဲ။ နယ်မြေဆုံးရှုံးရင် အသိအမှတ်ပြုမှာလည်း မဟုတ်ဘူး။ ဒါကြောင့် တိုက်ပွဲရလဒ်က အဖြေဖြစ်လာမှာ” ဟု ဒေသတွင်းအခြေအနေကို လေ့လာသုံးသပ်သူတဦးက ပြောသည်။
အိန္ဒိယနိုင်ငံသည် စစ်အုပ်စုနှင့် တရားဝင်ဆက်ဆံမှုများ ရှိသကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့များဖြစ်သော ကချင်၊ ရခိုင်၊ ချင်းနှင့် အညာဒေသမှ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေများအကြောင်း ဆွေးနွေးမှုများ ရှိခဲ့သည်ဟု ၎င်းကဆိုသည်။
အမေရိကန်ဒေါ်လာ နှစ်ဘီလီယံကျော်ရှိသော အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးတွင် မြန်မာနိုင်ငံမှ တင်ပို့မှု ၁ ဒသမ ၅ ဘီလီယံရှိပြီး အိန္ဒိယမှ သန်း ၆၀၀ ကျော်ရှိကြောင်း အိန္ဒိယအစိုးရ၊ ပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် ဗစ်ကရမ် မစ်ဆရီက ဇွန်လ ၁ ရက်တွင် ပြောကြားသည်။
မြန်မာနိုင်ငံမှ ပဲအမျိုးမျိုး၊ ကျွန်းသစ်၊ သစ်မာ၊ ရေထွက်ပစ္စည်းနှင့် အခြား ရော်ဘာ၊ ခဲမဖြူစသော ပစ္စည်းများ တင်ပို့ပြီး အိန္ဒိယနိုင်ငံမှ ဆေးဝါး၊ စက်နှင့် အပိုပစ္စည်းများ၊ သံနှင့် သံမဏိ၊ ဓာတ်မြေဩဇာနှင့် ဓာတုပစ္စည်းများ တင်သွင်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကုန်ပစ္စည်းများကို ရန်ကုန်ဆိပ်ကမ်းမှတဆင့် ရေလမ်းကြောင်းဖြင့် အိန္ဒိယနိုင်ငံ ကာလကတ္တား၊ ချန်နိုင်း မြို့များသို့ တင်ပို့လျက်ရှိပြီး သယ်ယူစရိတ်ကြီးမြင့်မှု၊ အချိန်ကြန့်ကြာမှု အခက်အခဲများ ရှိနေသဖြင့် မြေပြင်မှ ပို့ဆောင်ရန် ကုန်သည်များက လိုလားလျက်ရှိနေသည်။
စစ်ခေါင်းဆောင်၏ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်နေ့အထိ ငါးရက်ကြာမြင့်မည့် ခရီးစဉ်တွင် ဇွန်လ ၂ ရက်၌ မဟာရဋ္ဌပြည်နယ်သို့ သွားရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ကာ မွန်ဘိုင်း မြို့၌လည်း စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အိန္ဒိယနှင့် မြန်မာသည် ကုန်းတွင်း ကီလိုမီတာ ၁,၆၀၀ ကျော်နှင့် ရေပိုင်နက် နယ်နိမိတ် ကီလိုမီတာ ၁,၀၀၀ ကျော် (ရေမိုင် ၆၀၀ နီးပါး) ထိစပ်လျက်ရှိသည်။







