ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် သတင်းဗွီဒီယို ရိုက်ကူးတည်းဖြတ်နည်းပညာသင်တန်း (Video Journalism Training) တစ်ခုကို ဒီဇင်ဘာ ၁ ရက်နေ့တွင် တောင်ကုတ်ဟိုတယ်၌ ဖွင့်လှစ်ခဲ့သည်။
၎င်းသင်တန်းဖွင့်ပွဲကို နံနက် ၉ နာရီခွဲက တောင်ကုတ်ဟိုတယ် အပေါ်ဆုံးထပ် ခန်းမတွင် ပြုလုပ်ရာ ရိုးမရင်လိူင်း ရခိုင်ယဉ်ကျေးမှု အဖွဲ့မှ ကလေးငယ်များမှ ဗုဒ္ဓပူဇေနိယ ရခိုင်ရိုးရာ အကဖြင့် ကပြဖြေဖျော်ခဲ့ကြသည်။
၎င်းနောက် ကွယ်လွန်သွားပြီ ဖြစ်သည့် စာရေးဆရာ မောင်ဝံသ တည်ထောင်ခဲ့သည့် CMMD မြန်မာ့မီဒီယာဖွံ့ဖြိုးရေးစင်တာ သတင်းပညာ သင်တန်းကျောင်း ဒါရိုက်တာ မလွတ်လပ်စိုး (ဆရာမောင်ဝံသမီး) ၊ တောင်ကုတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးစန်းငွေနှင့် နိရဥ္စရာ သတင်းဌာန အယ်ဒီတာချုပ် ခိုင်မြတ်ကျော်တို့မှ အမှာစကား အသီးသီး ပြောကြားခဲ့သည်။
မြန်မာ့မီဒီယာဖွံ့ဖြိုးရေးစင်တာ သတင်းပညာ သင်တန်းကျောင်း ဒါရိုက်တာ မလွတ်လပ်စိုးက “ ကျွန်မတို့ ပြည်နယ်နဲ့ တိုင်းတွေမှာ အရည်အချင်းပြည့်ဝတဲ့ သတင်းသမားကောင်းတွေ ပေါ်ထွက်လာစေရေးဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီလို သင်တန်းမျိုးတွေကို နယ်တွေအထိ ဆင်းပြီး ပြုလုပ်ပေးနေပါတယ်။ အထူးသဖြင့် ပြည်နယ်တွေမှာ ဖြစ်ပျက်နေတဲ့ သတင်းတွေကို တစ်နိုင်ငံလုံးက အချိန်နဲ့ တစ်ပြေးညီ သိနိုင်အောင် သတင်းသမားကောင်းတွေ ပြည်နယ်တွေမှာ ပေါ်ထွက်လာစေချင်ပါတယ်။ ဒီ သတင်းဗွီယို နည်းပညာသင်တန်းမျိုးဟာ လက်ရှိ မီဒီယာလောကမှာ မဖြစ်မနေ လိုအပ်တဲ့ သင်တန်းမျိုး ဖြစ်တာမို့ ရခိုင်ရုပ်သံ သတင်းသမားတွေ အတွက် ရည်ရွယ်ပြီး တောင်ကုတ်မှာ ဒီသင်တန်းကို လာရောက်ဖွင့်လှစ်ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။
၎င်းသင်တန်းကို ရခိုင်ပြည်နယ်ကိုယ်စားပြု သတင်းသမား ၁၂ ဦး တက်ရောက်နေပြီး ဦးအေးနိုင် (DVB) နှင့် ဦးအောင်ကျော် (DVB) တို့မှ ဒီဇင်ဘာ ၁ ရက်နေ့မှ ၄ ရက်နေ့ထိ ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
တောင်ကုတ်မြို့နယ် စည်ပင်ဥက္ကဋ္ဌ ဦးစန်းငွေမှလည်း ယခုလို မီဒီယာလောက အတွက် အရေးကြီးသည့် သင်တန်း တစ်ခုကို တောင်ကုတ်မြို့တွင် လာရောက်ဖွင့်လှစ်သည့် အတွက် တောင်ကုတ်မြို့သူ မြို့သားများ ကိုယ်စား ဝမ်းသာကြောင်း၊ တောင်ကုတ်မြို့တွင် မီဒီယာသင်တန်းများ ဖွင့်လှစ်ခြင်းဖြင့် ဤဒေသအတွက် လူထု အကျိုးပြု မီဒီယာသမားကောင်းများ ပေါ်ထွန်းလာမည်ဟု ယုံကြည် မျှော်လင့်ပါကြောင်း ပြောကြားသွားသည်။
ယခု သင်တန်းကို CMMD မြန်မာ့မီဒီယာဖွံ့ဖြိုးရေးစင်တာ သတင်းပညာ သင်တန်းကျောင်းမှ အဓိက ဦးဆောင်ပြီး မြန်မာသတင်းမီဒီယာကောင်စီနှင့် ဘီအမ်းအိုင်မှ အားဖြည့် ကူညီ ပေးထားသည်ဟု သိရသည်။







