စစ်တွေ အခြေစိုက် ဝံလက်ဖောင်ဒေရှင်းနှင့် ရခိုင်လူမှုအဖွဲ့အစည်းများကွန်ယက်မှ တိုက်ပွဲရှောင် ပြည်သူများ အတွက် အကူအညီများအား ပလက်ဝမြို့တွင် သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ နိုဝင်ဘာ ၃၀ ရက်နေ့က လွဲပြောင်းပေးအပ်ခဲ့သည်ဟု သတင်းရရှိသည်။
“ကျနော်တို့ကတော့ စစ်ဘေးရှောင်တွေရှိနေတဲ့ ပလက်ဝမြို့နယ် ချင်းလက်ဝထိ သွားရောက် ကူညီမယ်လိုတဲ့ ရည်ရွယ်ချက်နဲ့ သွားခဲ့တာပါ။ ပလက်ဝကိုရောက်တော့ အာဏာပိုင်တွေက တိုက်ပွဲ အခြေအနေ တွေကြောင့် သွားခွင့် မပြုခဲ့ကြပါဘူး” ဟု အကူအညီသွားပေးရာတွင် ပါဝင်ခဲ့သူ ဝံလက်ဖောင်ဒေရှင်းမှ ဒါရိုက်တာတစ်ဦးဖြစ်သူ ခိုင်ကောင်းစံက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ယင်းသို့ ဒုက္ခသည်များရှိရာနေရာသို့ သွားခွင့်မပြုသည့်အတွက် ရိက္ခာတစ်ချို့တစ်ဝက်ကို နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်က ပလက်ဝမြို့နယ် ပရဟိတအဖွဲ့သို့ လွဲပြောင်းပေးအပ်ခဲ့သည်။
“ မြို့နယ်အာဏာပိုင်များ၊ စစ်ဘေးရှောင် ၃ ဦးနှင့် ချင်းလက်ဝကျေးရွာ အုပ်ချုပ်ရေးမှူး တို့ ရှေ့မှောက်မှာ ဒီပစ္စည်းတွေကို အခမ်းအနားနဲ့ ပလက်ဝမြို့နယ် အရဟိတ အဖွဲ့ကို လွဲပြာင်းပေးအပ်ခဲ့တာပါ။ ဆန်၊ စောင်၊ ပေါက်တူး၊ ဓား၊ ပုဆိန်၊ ငါးခြောက်နှင့် အခြား ရိက္ခာများပါဝင်ပြီး တန်ဖိုးငွေ စုစုပေါင်း ၅၃ သိန်းကျော်ဖိုး ရှိပါတယ်” ဟု ခိုင်ကောင်းစံက ပြောသည်။
ပလက်ဝမြို့နယ် ချင်းလက်ဝအောက်ကျေးရွာသို့ ထွက်ပြေးခိုလှုံလာသူ စစ်ဘေးရှောင် အိမ်ထောင်စု ၆၇ စု လူဦးရေ ၃၄၄ ဦးရှိကြောင်း သိရှိရသည်။
တိုက်ပွဲများကြောင့် ကိုယ်တိုင် သွားရောက် လှူဒါန်းခြင်းကို တားမြစ်ထားသဖြင့် ချင်းလက်ဝရှိ စစ်ပြေးရှောင်များအတွက် တစ်ချို့တစ်ဝက်ကို ကူညီခဲ့ပြီး ကျန် ပစ္စည်းတစ်ချို့တစ်ဝက်ကို ပြန်လည်ယူဆောင်လာပြီး ကျောက်တော်မြို့နယ် ရွာမပြင်ကျေးရွာရှိ ရခိုင်စစ်ဘေးရှောင် ၂၉ အိမ်ထောင်စုအား အကူအညီပေးအပ်ခဲ့သည်ဟု သိရသည်။







