ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးပြီးနောက် ဆေးရုံတင်ထားသော ကလေးငယ် ပြန်လည် သက်သာလာ

ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးပြီးနောက် ဆေးရုံတင်ထားသော ကလေးငယ် ပြန်လည် သက်သာလာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ အမှတ် ၁ ရပ်ကွက်၊ အ.မ.က မူလွန် မီးလောင်ကုန်းကျောင်းတွင် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးပြီးနောက် ဆေးရုံတင်ထားရသောကလေးငယ် ပြန်လည် သက်သာလာပြီဖြစ်ကြောင်း နောင်တရားမြို့၊ အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခွန်ညွှန့်ရီက မဇ္စျိမသို့ ပြောသည်။

အဆိုပါ ကလေးငယ်မှာ အ.မ.က မူလွန်မီးလောင်ကုန်းကျောင်း၊ ပထမတန်းတွင် တက်ရောက်နေသော မောင်ခွန်စန်ဖြိုးဖြစ်ပြီး ကလေးငယ်မှာ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဂျပန်ဦးနှောက် ရောင်ကာကွယ်ဆေး ထိုးပြီးနောက် ယခုကဲ့သို့ တောင်ကြီးကလေးအထူးကုဆေးရုံတွင် တက်ရောက်ခဲ့ရခြင်းဖြစ်သည်။ ဆေးမထိုးမီ ကလေးငယ်မှာ နေမကောင်းဖြစ်နေကြောင်း သိရသည်။

“ ကလေးက ပြန်ပြီး တဖြည်းဖြည်း သက်သာလာပါပြီ။ ဒါပေမယ့် အရေးပေါ်ကုတဲ့အခန်းကနေပြီးတော့ ညကထိတော့ မထွက်ရသေးဘူး။ ဒီနေ့တော့ ထွက်ရမယ်ထင်တယ်။ ကလေးက သတိလည်း ပြန်လည်လာပြီ။ ခြေတွေ၊ လက်တွေပြန်လှုပ်နိုင်လာပြီ။ ငွေကြေးပိုင်းကတော့ အဲ့ဒီက ဆရာဝန်ကြီးတွေရော ကူညီပေးတယ်လို့ ကြားတယ်။ ကျွန်တော်လည်း ကလေးပြန်ပြီးကျန်းမာနိုင်ဖို့အတွက် တတ်နိုင်သမျှ တောက်လျှောက်အလှူ ခံပေးနေပါတယ်”ဟု ဦးခွန်ညွှန့်ရီက ပြောသည်။

ကလေးငယ်ကို နိုဝင်ဘာလ ၁၇ ရက်နေ့ညက နောင်တရားပြည်သူ့ဆေးရုံပို့ဆောင်ပေးခဲ့ကာ ထိုမှတဆင့် တောင်ကြီးကလေးအထူးကုဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၂၈ နေ့အထိအသက် ကယ်ဆေး ၂ လုံးထိ ထိုးထားရကာ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေရှိနေခဲ့ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျောင်းအခြေပြု ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးပေးခြင်း အစီအစဉ်ကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ သေဆုံးသူ ကလေးငယ် ၃ ဦးရှိကာ မူးဝေအော့အန်သည့် ကလေးငယ် ၂၉ ဦး အထိရှိခဲ့သည်။

ထိုသို့ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးပြီးနောက် ကလေးငယ်တချို့သေဆုံးခဲ့သည့်အထိ ဖြစ်ပေါ်ခဲ့သော အခြေအနေနှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွန်းအောင်ကို နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မဇ္စျိမက မေးမြန်းခဲ့ရာ “အခုကာကွယ် ဆေးထိုးပြီးတဲ့ ၈ သန်းကျော်ကျော် ကလေးတွေတော့ နေကောင်းကြပါတယ်။ အခုလိုဖြစ်သွားကလည်း တိုက် ဆိုင်မှုပေါ့။ ကာကွယ်ဆေးအားဖြင့်ကတော့ စိတ်ချရတယ်ဆိုပြီးတော့ တခြားနိုင်ငံတွေမှာလည်း ကလေးငယ် သန်း ၄ဝဝ လောက်ထိုးပြီးပြီ။ အဲ့ဒီတော့ စိုးရိမ်နေပေမယ့် ကာကွယ်ဆေး ထိုးချင်တဲ့မိဘတွေအနေနဲ့ စိတ်မချဘူးဆိုရင်ကလေး အထူးကုဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ထိုးပါလို့ အကြံပြုချင်ပါတယ်”ဟု ဦးသန်းထွန်းအောင်က ပြောသည်။

လက်ရှိတွင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာစာသင်ကျောင်းများတွင် ဂျပန်ဦးနှောက်ရောင် ကာ ကွယ်ဆေးထိုးပေးပြီးသည့် ကလေးငယ် ၈ သန်းကျော်ထိရှိပြီး ထပ်မံ၍ လာမည့် ဒီဇင်ဘာလ ၁၁ ရက်မှ ၂ဝ ရက်နေ့ထိ ရပ်ကွက်၊ ကျေးရွာအခြေပြုအဖြစ် ကလေးငယ် ၅ သန်းကျော်ကို ဂျပန်ဦးနှောက်ရောင်ကာကွယ် ဆေး ထပ်မံထိုးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးရာတွင် သေဆုံးမှုအချို့နှင့် မူးဝေအော့အန်မှုတစ်ချို့ရှိနေသည့်အတွက်လည်း  ကလေးငယ်များဆေးထိုးပြီး၍ အရေးပေါ်အခြေအနေဖြစ်ပေါ်ပါက ဖြေဆေးများထိုးပေးနိုင်ရန် ကာကွယ် ဆေးထိုးပေးသော ဆရာ၊ ဆရာမများတွင် ဖြေဆေးများ အလုံအလောက်ပြင်ဆင်ပေးထားပြီး သက်ဆိုင်ရာ မြို့နယ် ဆရာဝန်များ၊ ကလေးအထူးကုဆရာများကိုလည်း တာဝန်များအဆင့်ဆင့်ညွှန်ကြားထားကာ အချိန်မီကုသမှုပေးနိုင်ရန် စီစဉ်ထားပြီဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံသည် ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားမှုများသော ကမ္ဘာ့နိုင်ငံ (၂၄) နိုင်ငံတွင် ပါဝင်နေပြီး ဂျပန် ဦးနှောက်ရောင်ရောဂါမှာ ဖြစ်ပွားလျှင် ပျောက်ကင်းအောင် ကုသနိုင်သည့်ဆေးဝါး မရှိသေးကြောင်း သိရသည်။

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...