ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်ပြည်နယ်မှထွက်ရှိသော သဘာဝသယံဇာတအား သက်ဆိုင်ရာ ပြည်နယ်မှ စီမံခန့်ခွဲပိုင်ခွင့်နှင့် ထိုအကျိုးအမြတ်၏ တစ်ချို့ တစ်ဝက်အား ခွဲဝေအသုံး ပြုခွင့်ရရေး အဆိုကို ရခိုင်ပြည်နယ်လွှတ်တော်တွင် ဆွေးနွေးသွားမည်ဟု သိရသည်။
၎င်းအဆိုအား နိုဝင်ဘာ ၂၈ နေ့တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဆဌမပုံမှန် အစည်းအဝေး ဆဌမနေ့တွင် ပေါက်တောမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကျော်ထွီးက တင်သွင်းခဲ့ခြင်းဖြစ်သည်။
“ဆင်းရဲမွဲ တည်မှုတွေဖြစ်နေတာကို ရုန်းထွက်နိုင်အောင် ရခိုင်ပြည်နယ်ကထွက်ရှိတဲ့ သဘာဝ သယံဇာတတွေထဲက ရသင့်ရထိုက်တဲ့အကျိုးခံစားခွင့် အကျိုးအမြတ်တွေကို ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခွဲဝေပြီးတော့ သုံးစွဲခွင့် ပေးစေလိုပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးကို ထောက်ရှုပြီးတော့ ဒီအဆိုကို တင်သွင်းရတာဖြစ်ပါတယ် ” ဟု ပေါက်တောမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပြောသည်။
နိုင်ငံတကာ စံချိန် စံညွှန်းများနှင့်အညီ ဒေသခံမျာ၏ အခွင့်အရေးကို မထိခိုက်အောင် စီမံ ဆောင်ရွက်ပေးပါရန် ရခိုင်ပြည်နယ်အစိုးရမှတဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း ဦးအောင်ကျော်ထွီးက ရခိုင်ပြည်နယ် လွှတ်တော်တွင် အဆိုတင်သွင်းရာ လက်ခံဆွေးနွေးရန် ပြည်နယ် လွှတ်တော်က သဘောတူခဲ့သည်။
ရခိုင်ပြည်နယ်သည် ရေခံမြေခံကောင်းမွန်ပြီး သဘာဝသယံဇာတတွေ အလျံအပယ် ထွက်ရှိသည့် ပြည်နယ်တစ်ခုဖြစ််သော်လည် မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသများအထဲတွင် ဒုတိယ အဆင်းရဲဆုံး ပြည်နယ်တစ်ခု အဖြစ်တွေ့မြင်နေရကြောင်း၊ ပြည်နယ်၏ အခြေခံကျသည့် လူမှု၊ စီးပွားကဏ္ဍများဖြစ်သည့် ပညာရေး၊ ကျန်မာရေး၊ စီပွာရေး၊ လမ်ပန်ဆက်သွယ်ရေး အစရှိသည့် ကဏ္ဍများသည် ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေအနေကောင်းများ၊ အလားအလာကောင်းများ ရှိနေပါလျက်နှင့် အခြားပြည်နယ်တိုင်းဒေသကြီးမျာနှင့် နှိုင်းယှဉ်လိုက်ပါက ချွတ်ခြုံကျနေသည်ကို စိတ်မကောင်းစွာပင် တွေ့မြင်နေရကြောင်း အဆိုရှင်၏ တင်သွင်းသည့်စာတန်းတွင် ဖော်ပြ ထားသည်။
“ဒီကနေ့ ဒီမိုကရေစီနိုင်ငံတစ်ခုကို ဦးတည်လျှောက်လှမ်းနေတဲ့ ပြည်သူ့အစိုးရတက်လာတဲဲ့အခါ ဒီလို ကိစ္စကို လွတ်လပ်စွာ ဆွေးနွေးခွင့် ရသင့်တယ်။ အဲဒါကြောင့် ဒီအဆိုကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေက ကျယ်ကျယ်ပြန့်ပြန့် ဆွေနွေးကြဖို့၊ အကြံပြုကြဖို့၊ တိုက်တွန်း ကြဖို့၊ အတည်ပြုပေးကြဖို့ ဦးအောင်ကျော်ထွီးရဲ့ အဆိုကို ထောက်ခံပါတယ်် ” ဟု မင်းပြားမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွန့်က ပြောသည်။
ဦးအောင်ကျော်ထွီးတင်သွင်းသည့်အဆိုအား လွှတ်တော်အစည်းအဝေတွင် မင်းပြားမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွန့်က ထောက်ခံဆွေးနွေးခဲ့ရာတွင် ကန့်ကွက်သူမရှိသည့်အတွက် ရခိုင်ပြည်နယ်လွှတ်တော်မှ လက်ခံဆွေးနွေးရန် အတည်ပြုခဲ့ကြသည်။







