ရခိုင်ရှိ ကလေး ၁ဝ သိန်းကျော်ကို ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး အခမဲ့ထိုးပေးမည်

ရခိုင်ရှိ ကလေး ၁ဝ သိန်းကျော်ကို ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး အခမဲ့ထိုးပေးမည်
by -
မာန်ယုကျော်

ရခိုင်ပြည်နယ်ရှိ ကလေး ၁ဝ သိန်းကျော်ကို ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး အခမဲ့ထိုးပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အသက် ၉ လမှ ၁၅ နှစ်အထိ ကလေး ၁ဝ သိန်း ၆ သောင်းကျော်ကို နိုဝင်ဘာလ ၁၅ ရက်နေ့မှ ဒီဇင်ဘာလအထိ ထိုးပေးသွားမည်ဖြစ်သည်။

“ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ပွားပြီးလို့ရှိရင် ရောဂါဖြစ်တဲ့လူတွေမှာ ၂ဝ ကနေ ၃ဝ ရာခိုင်နှုန်းက သေသွားပါတယ်။ တကယ်လို့ ပြန်ကောင်းလာခဲ့ရင်လည်း ဦးနှောက်တွေ၊ အာရုံကြောတွေ ပျက်စီး သွားပြီးတော့ ကိုယ်လက်အင်္ဂါမသန်စွမ်းတာတွေဖြစ်တတ်ပါတယ်။ နောက်ပြီး ဦးနှောက်တွေ ကျပ်မပြည့်တာတွေ၊ ဉာဏ်ရည်မမီတာတွေဖြစ်ကျန်ခဲ့ပါတယ်။ ဒါကြောင့် ဒီရောဂါဟာ တော်တော် ဆိုးပါတယ်။ ဒီရောဂါကိုကာကွယ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက ကာကွယ်ဆေးထိုးတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ် “ဟု ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာကြည်လွင်က နိရဥ္စရာသို့ပြောသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ ၂၃ ရက်နေ့အထိ ကျောင်းသားများကို ထိုးပေးသွားမည် ဖြစ်ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့ကနေ ၂ဝ ရက်နေ့တို့တွင် ကျောင်းသား မဟုတ်သည့် ကလေးများကို အခမဲ့ထိုးပေးသွားမည်ဖြစ်သည်။

ဂျပန်ဦးနှောက်ရောင်ရောဂါသည် ခြင်မှတဆင့်ကူးစက်တတ်ခြင်းဖြစ်ပြီး ကလေးများအပြင် လူကြီးများတွင်လည်း ဖြစ်ပွားတတ်သည်ဟုဆိုသည်။

“ဒီကာကွယ်ဆေးက တော်တော်လေး အာနိသင်ကောင်းပါတယ်။ ဆေးတစ်ခါထိုးပြီးလို့ရှိရင် အနည်းဆုံး ၈၅ ရာခိုင်နှုန်းကနေ ၉၉ ရာခိုင်နှုန်းလောက်ကို ကာကွယ်ပြီးသားဖြစ်ပါတယ်။ ဒါကြောင့် ဆေးအာနိသင်လည်းကောင်းတဲ့အတွက်ကြောင့် ကျွန်တော်တို့က ဒီကာကွယ်ဆေးကို ထိုးစေချင်ပါတယ်။ ဆေးထိုးလိုက်လို့ အာနိသင်ရတယ်ဆိုရင် တစ်သက်လုံးကို ကာကွယ်ပြီးသားဖြစ်သွားပါတယ်။”ဟုလည်း ဒေါက်တာကြည်လွင်က ဆိုသည်။

ဂျပန်ဦးနှောက်ရောင်ရောဂါပိုးကို ရခိုင်ပြည်နယ်တွင် ၂ဝဝ၇ ခုနှစ်မှစတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါရောဂါကြောင့် ၂ဝ၁၄ ခုနှစ်တွင် ရခိုင်မှ ကလေး ၁ဝ ဦးအထိ သေဆုံးခဲ့ရကြောင်းလည်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...