"ကျွန်တော်တို့ကတော့ FPNCC ရဲ့ သဘောထား မူအတိုင်းပဲ သွားမှာပါ" - TNLA ဒုတိယဥက္ကဌ တာဂျုတ်ဂျားနှင့် အင်တာဗျူး

"ကျွန်တော်တို့ကတော့ FPNCC ရဲ့ သဘောထား မူအတိုင်းပဲ သွားမှာပါ" - TNLA ဒုတိယဥက္ကဌ တာဂျုတ်ဂျားနှင့် အင်တာဗျူး
by -
ဇေယျာမော်
ပြည်ထောင်စုနိုင်ငံရေးညှိနှိုင်းဆွေးနွေးရေးကော်မတီ(FPNCC)
ပြည်ထောင်စုနိုင်ငံရေးညှိနှိုင်းဆွေးနွေးရေးကော်မတီ(FPNCC)

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က တရုတ်နိုင်ငံကူမင်းမြို့မှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားခြင်းမရှိတဲ့ မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေကို တရုတ်အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်က   ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။

အဲ့ဒီတွေ့ဆုံမှုမှာ အပစ်အခတ် ရပ်စဲထားခြင်းမရှိတဲ့ အဖွဲ့တွေကို NCA လက်မှတ်ထိုးပြီး ၂၁ ရာစုပင်လုံညီလာခံတက်ဖို့ တရုတ်ဘက်က တိုက်တွန်း ထားပါတယ်။ ဒါအပြင် အစိုးရအဖွဲ့ဟာ '၀' နဲ့ မိုင်းလားဒေသတွေကို သွားရောက်တွေ့ဆုံ ခဲ့ပါတယ်။ အစိုးရရဲ့ ဒီခရီးစဉ်အတွင်းမှာ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်တွေလဲ ပါ၀င်ခဲ့တာကြောင့် မြောက်ပိုင်းအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးအလားအလာက ဘယ်လိုရှိလာနိုင်မလဲ။ ဘာတွေဆက်လုပ်သွားဖို့ ရှိမလဲ ဆိုတာနဲ့ ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် TNLA ဒုတိယဥက္ကဌ တာဂျုတ်ဂျားကို မဇ္စျိမသတင်းထောက် ဇေယျာမော်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။    ။ FPNCC အရေးပေါ်အစည်းအဝေးခေါ်ဖို့ရှိနေတယ်လို့ ကြားတယ်။ ဆိုတော့ဘယ်တော့ခေါ်မလဲခင်ဗျ။

ဖြေ။       ။ အစည်းအဝေးက ခေါ်မယ်လို့တော့ ပြောတယ်။ အခုထက်ထိတော့ ရက်အတိအကျ သတ်မှတ်တဲ့နေ့ကို မရသေးဘူး။

မေး။    ။ တရုတ်အထူးကိုယ်စားလှယ်မစ္စတာဆွန်ကော့ရှန်နဲ့ ကူမင်းမှာ တွေ့တုန်းက NCA ထိုးပြီး ၂၁ ပင်လုံ တက်ဖို့ တိုက်တွန်းခဲ့တာတွေရှိတော့ TNLA အနေနဲ့ ဘယ်လိုဆက်လုပ်သွားဖို့ရှိလဲ။

ဖြေ။       ။ အဓိကကတော့ FPNCC(ပြည်ထောင်စုနိုင်ငံရေးညှိနှိုင်း ဆွေးနွေးရေး ကော်မတီ )အရေးပေါ်အစည်းအဝေး ခေါ်ပြီးမှပဲ ဆုံးဖြတ်ရမယ်လေ။ ကျွန်တော်တို့ကတော့ FPNCC  ရဲ့ သဘောထား မူအတိုင်းပဲ သွားမှာပါ။ အဲ့ဒီအစည်းအဝေးက ထွက်လာတဲ့အဖြေ အပေါ်မှာတော့မူတည် ပါလိမ့်မယ်။

မေး။    ။ ကူမင်းမှာ မစ္စတာဆွန်ကော့ရှန်နဲ့ တွေ့တုန်းကကော တရုတ်ဘက်က သီးခြားထပ်မှာကြားတာ ရှိသေးလား။

ဖြေ။       ။ သူပြောတာကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ စကားကိုပဲ ပြန်ပြောပြတာပါ။ အဓိကကတော့ NCA ထိုးဖို့ပဲ။ FPNCC ကို လက်မခံဘူးဆိုတာလေးပဲ ပြောပါတယ်။

မေး။    ။အစိုးရရဲ့ ၀ မိုင်းလား ခရီးစဉ်မှာ ငြိမ်းချမ်းရေးကော်မရှင်က အဖွဲ့ဝင်တွေပါသွားတယ်ဆိုတော့ မြောက်ပိုင်းအဖွဲ့တွေ့ရဲ့ ငြိမ်းချမ်းရေးအလားအလာက ဘယ်လိုရှိလာမလဲ။

ဖြေ။       ။ သိရသလောက်တော့ သူတို့လာတာ အဓိက ဒေသဖွံ့ဖြိုးရေးအတွက်လာတယ်လို့သိရပါတယ်။ ငြိမ်းချမ်းရေး အပိုင်းမှာတော့ ဆွေးနွေးတာရှိမှာပေါ့။ ဒါပေမယ့် ငြိမ်းချမ်းရေးက အဓိက ကဏ္ဍတော့ မဟုတ်လောက်ပါဘူး။ အစောပိုင်းကလဲ မစ္စတာ ဆွန်ကော့ရှန် ပြောထားတာရှိတယ်။ သူတို့လာတာ နိုင်ငံရေး ၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာ မဆွေးနွေးဘူး၊ သူတို့ ဒေသဖွံ့ဖြိုးရေး လာကြည့်မယ်ဆိုပြီး ဒီလောက်ပဲသိရတယ်။

မေး။    ။ အစိုးရအနေနဲ့ FPNCC ကိုလက်မခံဘူးဆိုထားတယ်၊ အခုလဲ ၀ နဲ့ မိုင်းလားကို ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်တွေက သွားတွေ့တယ်ဆိုတော့ ဗိုလ်မှူးချုပ်အနေနဲ့ ဒါကိုဘယ်လိုယူဆလဲ။

ဖြေ။       ။ အစိုးရကတော့ သူတို့ကဏ္ဍအရ တိုက်တွန်းမှာပဲ။ FPNCC ကဏ္ဍနဲ့ မသွားဘဲ အခုလက်ရှိသွားနေတဲ့ NCA လမ်းကြောင်းအတိုင်း သွားဖို့ ပြောကောင်းပြောပါလိမ့်မယ်၊ တိုက်တွန်းကောင်းတိုက်တွန်းပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ FPNCC မူအရဆိုတော့ ၀ နဲ့ မိုင်းလားက ဒီအတိုင်း ဆုံးဖြတ်သွားမှာမဟုတ်ဘူး ကျွန်တော်ထင်တယ်။

မေး။    ။ အစိုးရက FPNCC ကော်မတီနဲ့ မတွေ့ဘဲ '၀' တို့ မိုင်းလားတို့ကို သီးခြားတွေ့ဆုံတယ်ဆိုတော့ FPNCC အနေနဲ့ ငြိမ်းချမ်းရေးကိစ္စတွေလုပ်ဆောင်ရာမှာ အခက်အခဲတွေရှိလာနိုင်မလား။

ဖြေ။       ။ မရှိနိုင်ပါဘူး။ '၀' နဲ့ မိုင်းလား က နဂိုကတည်းက ပြောထားတာရှိတယ်။ ဒီ နိုင်ငံရေးနဲ့ ပတ်သက်တာတော့ သူတို့ သီးခြားတွေ့မှာမဟုတ်ဘူး။ အစိုးရဘက်က ဦးဆောင်သွားတာလဲ နယ်စပ်ရေးရာ ၀န်ကြီး ဦးဆောင်သွားတာဆိုတော့ နယ်စပ်ရေးရာနဲ့ ပတ်သက်တာပဲ ဆွေးနွေးပါလိမ့်မယ်။ ကျန်းမာရေးတို့ ပညာရေးတို့ ဖြစ်ပါလိမ့်မယ်။

Most read this week

March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...