ပြည်ထောင်စုငြိမ်းချမ်းရေးသဘောတူစာချုပ် မချုပ်ဆိုနိုင်သေးသည့် အချိန်ကာလအတွင်း ရခို်င်ပြည်နယ်ရှိ ရှာဖွေတွေ့ရှိထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်နေသည့် လုပ်ငန်းများနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို ရပ်ဆိုင်းထားရန် ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်မှ သဘောထားထုတ်ပြန်လိုက်သည်။
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၊ မာန်အောင်ဟိုတယ်တွင် အောက်တိုဘာလ(၂၇ )ရက်မှ ( ၂၉ ) ရက်နေ့ထိ ပြုလုပ်ခဲ့သော ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက် အစည်းအဝေးမှ တောင်းဆိုလိုက်ခြင်းဖြစ်သည်။
‘‘ ရခိုင်ပြည်နယ်အတွင်းမှာ ကြီးမားတဲ့စီမံကိန်းတွေကို ရပ်ဆိုင်းထားစေချင်တဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရ တိုင်းရင်းသားများအားလုံးက ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ပိုမို အာရုံစိုက်နေမျှော်လင့်နေကြတယ်။ လက်ရှိဖွဲ့ စည်းပုံအခြေခံဥပဒေအရ သယံဇာတပိုင်ရှင် ဒေသခံတိုင်းရင်းသားေတွေရဲ့ အကျိုးခံစားခွင့်ကို တိတိကျကျ ပြဌာန်းပေးထားတာမရှိဘူး။ ဆိုတော့ ကျနော်တို့ လိုချင်တာက နိုင်ငံတော်အ စိုးရအနေနဲ့ ပြည်နယ်တွေရဲ့ အကျိုးခံစားခွင့်ကို တိတိကျကျပြဌာန်းပေးထားတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဥပဒေကို ရေးဆွဲပြဌာန်းဖို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကို တည်ဆောက်ပြီးမှ အခုလိုကြီးမားတဲ့ စီမံကိန်းတွေကို အကောင်ထည်ဖေါ်ဆောင်ရွက်ဖို့ကို တောင်းဆိုတာဖြစ်တယ် ’’ ဟု ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက် ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးထွန်းကြည် ကပြောသည်။
ဆက်လက်ပြီး ဦးထွန်းကြည်က ‘‘တည်ငြိမ် အေးချမ်းမှုမရှိတဲ့ အခြေအနေမှာ တရားဥပဒေစိုးမိုးမှု အားနည်းနေတယ်။ တစ်ဖက်မှာ နိုင်ငံရေး မတည်ငြိမ်မှုကြားက ပိုဆင်းရဲလာတဲ့ အခြေအနေကို ထိန်းချုုပ်ဖို့ အထူးစီးပွားရေးဇုန်တွေ ဂတ်စ်နဲ့ ရေနံလုပ်ကွက်တွေကို ထုတ်ရောင်းနေမဲ့အစား သယံဇာတပိုင်ရှင် ဖြစ်တဲ့ ပြည်နယ်တွေရဲ့ စီမံခန့်ခွဲပိုင်ခွင့်၊ ရပိုင်ခွင့်၊ ဆုံးဖြစ်ပိုင်ခွင့်တွေကို အာမခံချက်ပေးနိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အကောင်အထည်ဖေါ် ဖို့လိုအပ်တယ် ’’ဟုပြောသည်။
ရခိုင်ပြည်ရှိ လက်ရှိလုပ်ဆောင်နေသည့် အကြီးစားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများဖြစ်သော ရှာဖွေတွေ့ရှိထားသည့် သဘာဝဓာတ်ငွေ့ ကမ်းလွန်လုပ်ကွက် A6 နှင့် AD7 အပါအဝင် ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်နေသည့် လုပ်ငန်းများနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း လုပ်ငန်းများကို လက်ရှိမတည်ငြိမ်သည့် ရခိုင်ပြည်အခြေအနေအပါအဝင် ပြည်ထောင်စုငြိမ်းချမ်းရေးသဘောတူစာချုပ် မချုပ်ဆိုနိုင်သေးသည့် အချိန်ကာလအတွင်း ရပ်ဆိုင်းထားရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။
ရခိုင့်ပင်လယ်ပြင်၌ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကမ်းလွန် လုပ်ကွက်ပေါင်း (၉)ခုကို ရခိုင်ပြည်သူတို့၏ ဆန္ဒမပါဘဲ ပြည်တွင်းပြည်ပ ကုမ္ပဏီ များအား ဦးသိန်းစိန်အစိုးရ လက်ထက်တွင် တူးဖော်ထုတ်လုပ်ခွင့်ပြုထားပြီးဖြစ်သည််။
လုပ်ကွက်လုပ်ခွင့်ရ ပြည်ပကုမ္ပဏီ များတွင် အမေရိန်ကန်အခြေစိုက် ( Chevron, Conocophillip ) ၊ နယ်သာလန်နိုင်ငံမှ Royal Dutch Shell Plc, နော်ဝေနို်င်ငံမှ Statoil နှင့် အင်္ဂလန် အခြေစိုက် Ophir Energy, BG Asia Pacific Pte Ltd ၊ ဂျပန်အခြေစိုက် Mitsui Oil Exploration Co. Ltd (MOECO) တို့ ပါ၀င်သည်။
ယခုလက်ရှိ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေသော ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းမှ အကျိုးအမြတ် များကို ရခိုင်ပြည်သူတို့နေဖြင့် ရသင့်ရထိုက်သော အကျိုးခံစားခွင့်မရရှိသည့်အပြင် လယ်ယာ မြေဆုံးရှုံးမှုများ၊ လူအခွင့်အရေးချိုးဖောက်ခံရမှုများနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီး ဆုံးရှုံးမှုများကို ထိုစီမံကိန်း၏ ဘေးထွက်ဆိုးကျိုးများအဖြစ် စီမံကိန်းနယ်မြေရှိ ရခိုင်ပြည်သူလူထုက ခံစားနေကြရသည်။
ရခိုင်ပြည်သူတို့ လိုလားသော သဘာဝသယံဇာတဆိုင်ရာ ပိုင်ဆိုင်ခွင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်နှင့် ရွှေသဘာဝဓာတ်ငွေ့မှ ရခိုင်တစ်ပြည်လုံး ကျေးလက်မြို့ပြမကျန် ၂၄နာရီ လျှပ်စစ်မီးရရှိရေး တောင်းဆိုချက်များကို အစိုးရမှ လျစ်လျူရှု ထားဆဲပင်ဖြစ်သည်။
ရခိုင်ပြည်နယ်ရှိ လက်ရှိလုပ်ဆောင်နေသည့် အကြီးစားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ ဖြစ်သော ၂၀၁၆ခုနှစ်တွင် သဘာဝဓာတ်ငွေ့ ရှာဖွေတွေ့ရှိထားသည့် ကမ်းလွန်လုပ်ကွက် A6 နှင့် AD7 အပါအဝင် ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်နေသည့် လုပ်ငန်းများနှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းလုပ်ငန်းများသည် ရခိုင်ပြည်သူများအတွက် ကောင်းကျိုးထက် ဆိုးကျိုးများသာ ဖြစ်လာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။







