အဆိုပါကိစ္စကို နေပြည်တော် MICC II တွင် ကျင်းပသော ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယနေ့တွင် ဦးထွန်းဇော်က ခိုနုမ်းသုန်သတင်းဌာနကို ပြောကြားခြင်းဖြစ်သည်။
“NCA ကို လက်မှတ်ရေးထိုးနိုင်ဖို့ဆိုရင် တပ်မတော်ရဲ့ သဘောထား ပျော့ပျော့ပြောင်းပြောင်းနဲ့ရှိမယ်ဆိုရင်တော့ ကျနော်တို့က ဖြစ်နိုင်တယ်။ တပ်မတော်ရဲ့ သဘောထားက တရားသေပုံစံမျိုး စုပ်ကိုင်ထားတယ်၊ NCA ကို ထိလို့မရဘူးဆိုတဲ့ ပုံစံမျိုးရှိတယ်။ ကျနော်တို့ ပြောနေတာက NCA ကို ထိလို့မရဘူးဆိုရင် NCA ကို ကျော်မယ့်နည်းလမ်း ဘယ်လိုရှာမလဲ၊ နည်းလမ်းရှာဖို့အတွက် ကျနော်တို့ဘက်က အချက် ၈ ချက်ပါတဲ့ အဆိုပြုချက်မူ ပေးထားပြီဖြစ်တယ်။ အဲဒါကို ဆက်ညှိဖို့လည်းရှိတယ်။ အဲဒီနည်းလမ်းနဲ့တော့ ကျနော်တို့ ဆက်လက်ပြီးတော့ နည်းလမ်းရှာမှာပေါ့” ဟု ၎င်းက ပြောဆိုသည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) လက်မှတ်မထိုးသေးသောအဖွဲ့များကို NCA လက်မှတ်ရေးထိုးလာအောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ကြိုးမမ်းဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ကလေးမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ရှားမီး က ပြောသည်။
“ကျမတို့ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စိတ်သဘောထား၊ ရပ်တည်ချက်ကို ကျမတို့ ယုံကြည်တယ်။ ပြီးတော့ ဖြစ်မြောက်ရေး ကော်မီတီကိုလည်း ယုံကြည်တယ်။ ဒါကြောင့်မို့လို့ သူတို့ လက်မှတ်ရေးထိုးလာမယ်လို့ မျော်လင့်ပါတယ်။” ဒေါ်အေးအေးမှု ကဆိုသည်။
ယင်းကိစ္စနဲ့ပတ်သက်ပြီး NCA ကို လက်မှတ်ရေးထိုးပြီဖြစ်သော ချင်းအမျိုးသားတပ်ဦး (CNF) ၏ ဗဟိုကော်မတီဝင်၊ ဗဟိုတရားသူကြီးဝင်ဖြစ်သည့် Pu Lalramlawma က “ဒါကတော့ ကျနော်ကောင်းကောင်းမပြောတတ်ဘူး။ ဒါပေမယ့် မကြာသင့်ဘူးလို့ ကျနော်ထင်တယ်။ ပါဝင်လာဖို့အတွက် မျော်လင့်ချက်ထားပါတယ်။ အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရမယ်၊ အပြန်အလှန် ယုံကြည်မှုရှိရင်တော့ အောင်မြင်သွားမှာပါ” ဟု ပြောပါ တယ်။







