ALP ခိုင်မျိုးထွန်းကိုလွတ်ပေးရန် မြို့နယ် သုံးခုမှ လူပေါင်း တစ်ထောင်ကျော် ပုဏ္ဏားကျွန်းတွင် စုဝေးဆန္ဒပြ

ALP ခိုင်မျိုးထွန်းကိုလွတ်ပေးရန် မြို့နယ် သုံးခုမှ လူပေါင်း တစ်ထောင်ကျော် ပုဏ္ဏားကျွန်းတွင် စုဝေးဆန္ဒပြ
by -
နိရဥ္စရာ
တပ်မတော်ကို အကြည်ညိုပျက်စေသည့်ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန ဒုတာဝန်ခံ ခိုင်မျိုးထွန်းအား လွတ်ပေးရန် ရခိုင်ပြည်နယ် မြို့နယ် (၃) ခုမှ လူပေါင်း တစ်ထောင်ကျော်သည် သြဂုတ်လ၂၇ရက်နေ့လယ်က ပုဏ္ဍားကျွန်းမြို့တွင် စုဝေး ဆန္ဒပြ တောင်းဆိုခဲ့သည်ဟု သိရသည်။

ဆန္ဒဖော်ပြသူများသည်  “ အမှန်တရားဘက်တော်သား ဗိုလ်မှူးခိုင်မျိုးထွန်းအား ချက်ချင်းလွှတ်၊ ငါရို့အားလုံးသည် ခိုင်မျိုးထွန်း များဖြစ်ကြသည်၊ ရခိုင်လူထုအား မတရားဖိနှိပ်မှုများ ချက်ချင်းရပ်၊ ရခိုင်အမျိုးသား တက်ကြွ လှုပ်ရှားသူများအား မတရားဖိနှိပ်မှုများ ချက်ချင်းရပ်၊ ALP စည်းပြန် ဒုဥက္ကဋ္ဌ ခိုင်မျိုးထွန်း၏ Statement အား ထောက်ခံသည်”စသည့်ကြွေးကြော်သံများဖြင့် ကြွေးကြော်ခဲ့ကြသည်။

ဆန္ဒဖော်ပြရာတွင် ပါ၀င်သူများမှာ မြောက်ဦး၊ ပေါက်တောနှင့် ပုဏ္ဏားကျွန်း မြို့နယ်သုံးခုမှ ဖြစ်ကြပြီး ဆန္ဒပြသူများသည် ပုဏ္ဍားကျွန်းမြို့ လောကမာရဇိရ် ပြည်လုံးချမ်းသာဘုရားကြီးသိမ်တွင် လူစုပြီး မြို့ကိုပတ်၍ လမ်းလျှောက်ဆန္ဒပြကာ ယင်းဘုရားကြီးသိမ်တွင် ပြန်လည်စုရုံးပြီး ဟောပြောမှုများကို ပြုလုပ်ခဲ့ကြသည်။

ဆန္ဒပြပွဲတွင် ပါ၀င်သူ ခိုင်မျိုးထွန်းမိခင် ဒေါ်မသောင်းစိန်က“ငါ့သားမို့လို့ ပြောတာမဟုတ်ဘူး။ ငါသားလို လုပ်ရဲတဲ့သူ တစ်ယောက်မှ မရှိဘူး။ ကျွန်မသားအတွက် ကျွန်မဂုဏ်ယူတယ်။ ဒီလိုမျိုး ခိုင်မျိုးထွန်း လွတ်မြောက်ရေးအတွက် ပူးပေါင်းဆန္ဒပြသူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီနေ့အချိန်အခါမှာ ရခိုင်လူမျိုးအားလုံး ညီညွတ်စုစည်းကြရမယ်၊ ကိုယ့်ပြည်ကို ကိုယ်အုပ်ချုပ်နိုင်အောင် ကြိုးစားကြရမယ်”ဟု ပြောကြားသည်။

IMG20160827131310

မြောက်ဦးမြို့နယ်မြတန်ဆောင်းဆရာတော်က  “ဒီနေ့ခိုင်မျိုးထွန်း လွတ်မြောက်ရေးအတွက် ဦးဇင်း လာရောက်ပြီး ဆန္ဒပြရတယ်ဆိုတာ ခိုင်မျိုးထွန်းဟာ ဦးဇင်းနဲ့ ရင်းနှီးလို့မဟုတ်ဘူး။ ALP နဲ့ ဦးဇင်းနဲ့ ရင်းနှီးလို့မဟုတ်ဘူး။ ရခိုင်အမျိုးသားအကျိုးစီးပွားကို ကာကွယ်တယ်၊ ရခိုင်အမျိုးသားအကျိုးစီးပွားအတွက် ရပ်တည်တယ်ဆိုရင် ဘယ်သူဘဲဖြစ်ဖြစ် ဦးဇင်းတို့ ၀ိုင်းရံရမယ်။ ခိုင်မျိုးထွန်း လွတ်မြောက်တဲ့အထိ ဒါမှမဟုတ် ခိုင်မျိုးထွန်းကို အမိန့်ချမှတ်တဲ့အထိ ဦးဇင်းတို့ ၀ိုင်းရံကြရမယ်။ ခိုင်မျိုးထွန်းက တပ်မတော်ကို သိက္ခာချတယ်လို့ပြောတယ်။ အဖွဲ့အစည်းတစ်ခုကို နောက်အဖွဲ့အစည်းတစ်ခုက သိက္ခာချလို့ မရဘူး။ ကိုယ့်လုပ်ရပ်ကြောင့် ကိုယ်သိက္ခာကျတယ်ဆိုတာဘဲရှိတယ်။ သူများသိက္ခာလာချလို့ သိက္ခာကျတယ် ဆိုတာ လုံးမရှိဘူး”ဟု ပြောကြားခဲ့သည်။

ယနေ့ပြုလုပ်သော ဆန္ဒပြပွဲတွင် မြောက်ဦးမြို့နယ် နတ်ချောင်းကျေးရွာ၊ ညောင်ပင်လယ် ကျေးရွာ၊ ဇီးပင်ကြီးကျေးရွာ၊ ပေါက်တောမြို့နယ် ငါးဝစွယ်၊ ဆယ့်သုံးတန်၊ လက်ပန်ပြား၊ ဆားပြင်ကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ကျောက်ဆိပ်၊ ၀က်နှုတ်သီး၊ ယိုုးငုံ၊ သရက်ချို၊ အောင်ဖြူပြင်၊ ယိုးတရုတ်နှင့် ပုဏ္ဏားကျွန်းမြို့ပေါ်မှ လူထုများပါ၀င်ကြကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာမှ ဦးမောင်မောင်သန်းကလည်း ဆန္ဒပြရာတွင် သံဃာတော်များနှင့် ကျောက်ဆိပ်ကျေးရွာမှ ရွာသား တစ်ရွာလုံးနီးပါး ပါ၀င်ကြသည်ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ဆန္ဒပြပွဲကို မွန်းလွဲ ၁ နာရီတွင် စတင်ပြီး ၃ နာရီခွဲကျော်တွင် ပြီးဆုံးခဲ့သည်။

သြဂုတ်လ ၂၈ ရက်နေ့တွင်လည်း ခိုင်မျိုးထွန်းလွတ်မြောက်ရေးအတွက် ကျောက်တော်၊ စစ်တွေနှင့် ပေါက်တောမြို့များတွင်လည်း ဆန္ဒပြ တောင်းဆိုကြမည်ဟု သိရှိရသည်။

Most read this week

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...