ပြည်နယ်အစိုးရတင်ဒါ စည်းကမ်းနှင့် မညီ၍ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အား တိုင်ကြား

ပြည်နယ်အစိုးရတင်ဒါ စည်းကမ်းနှင့် မညီ၍ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အား တိုင်ကြား
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် အစိုးရမှ ယခုလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့သော အဆောက်အဦများ တင်ဒါဆွဲရာတွင် ချမှတ်ထားသော တင်ဒါ စည်းမျဉ်း၊ စည်းကမ်းနှင့် မကိုက်ညီဟုဆိုကာ ကုမ္ပဏီ ၂၆ ခုတို့မှ လက်မှတ် ရေးထိုး၍ ပြန်လည် စိစစ်ပေးရန်ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ထံသို့ တင်ပြခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် အခြေခံပညာကျောင်းနှင့် ရုံးအဆောက်အဦ ၁၄၀ အတွက် တင်ဒါဆွဲပွဲကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ ၂ တွင် သြဂုတ်လ ၂၁ ရက်နေ့က ပြုလုပ်ခဲ့ရာ  လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ စက်မှု/လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ စိုက်ပျိုးရေးနှင့် သတ္တုနှင့် သစ်တောရေးရာဝန်ကြီး ဦးကျော်လွင်၊ အခြား တာဝန်ရှိသူများ နှင့် တင်ဒါ လျှောက်ထားခဲ့သည့် ကုမ္ပဏီ ၂၀၀ ကျော်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

၎င်းနေ့က တင်ဒါပေးရာတွင် အဓိကလွှဲချော်မှုမှာ သတ်မှတ်ထားသည့် စျေးနှုန်းထက် လျှော့ပြီး တင်ဒါ တင်ခဲ့သည့် ကုမ္ပဏီများကို အအောင်ပေးခြင်းဖြစ်သည်ဟု နစ်နာသော ကုမ္ပဏီများမှ တာဝန်ရှိသူများက ရှင်းပြသည်။

“အခု ပညာရေးအဆောက်အဦတွေ အတွက် တင်ဒါရွေးချယ်တဲ့အခါမှာ တင်ဒါစည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီဘဲ ရွေးချယ်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ အဓိက လွဲချော်မှုကတော့ သတ်မှတ်ထားတဲ့ စျေးနှုန်းထက် လျှော့ပြီး တင်ဒါတင်ခဲ့တဲ့ ကုမ္ပဏီတွေကိ်ု အအောင်ပေးခဲ့တာပဲဖြစ်ပါတယ်” ဟု သီရိရွှေအိမ် ဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးရွှေမောင်က သတင်းထောက် များကို ပြောသည်။

IMG20160825154749

၎င်းပြင် တင်ဒါဆွဲရာတွင် အဓိက လိုအပ်သည့် အရည်အချင်းများ ဖြစ်သည့် ကုမ္ပဏီတစ်ခု၏ အင်ဂျင်နီယာ အရည်အချင်း၊ ကုမ္ပဏီ၏ အတွေ့အကြံု၊ ကုမ္ပဏီမှ တင်ပြထားသော အချက်အလက်များ  ပြည့်စုံမှု ရှိမရှိဆိုတာကို အဓိကထား ရွေးချယ်ခြင်းမျိုးကို မတွေ့ရဟု သူက ဆက်လက် ပြောကြားသည်။

အကယ်၍ သတ်မှတ်ထားသည့် စျေးနှုန်းထက်လျှော့ပြီး အဆောက်အဦကို တည်ဆောက်ခဲ့ပါက အဆောက်အဦး အရည်အသွေး ပြည့်ဝမည်မဟုတ်ကြောင်း၊ တင်ဒါအောင်သည့် ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုသည့်အခါ ကုမ္ပဏီက တင်ပြသည့်အတိုင်းချုပ်မည်လား၊ သတ်မှတ်ထားသည့် စျေးနှုန်းအတိုင်း စာချုပ်ချုပ်မည်လားဆိုသည်ကို သိလိုကြောင်း၊ ကုမ္ပဏီများတင်ပြသည့်အတိုင်း စာချုပ်ချုပ်ဆိုပါက ပိုငွေများကို မည်ကဲ့သို့အသုံးချမည်ကိုလည်း သိလိုကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယခင်နှစ်များက တင်ဒါဖွင့်သည့်ရက်နှင့် တင်ဒါအောင်ကြောင့် ကြေညာသည့်ရက်မှာ ၁၀-ရက် တစ်ပတ်ခန့် ကွာဟချက်ရှိသော်လည်း ယခုနှစ်တွင် တစ်ရက်တည်းတွင် ကြေညာခဲ့သည်မှာလည်း တင်ဒါစည်းမျဉ်းနှင့် မကိုက်ညီကြောင်း HT 9 ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးမြင့်ဌေးကပြောသည်။

“အရင်နှစ်တွေကဆိုရင် တင်ဒါဖွင့်တဲ့ရက်နဲ့ တင်ဒါအောင်တဲ့ရက် ကြေညာတာဟာ ဆယ်ရက် တစ်ပတ်ခန့် ကွာဟ ချက်ရှိပေမယ့် ဒီနှစ်မှာတော့ တစ်ရက်တည်းမှာပဲ ကြေညာခဲ့ပါတယ်။ ရက်ခြားပြီး ကြေညာရတယ် ဆိုတာက လျှောက်ထားတဲ့တင်ဒါတွေကို စနစ်တကျ ပြန်လည်စိစစ်နိုင်ဖို့အတွက် ဖြစ်ပါတယ်။  ကျန်တဲ့ နှစ်တွေက တင်ဒါအောင်တဲ့ကုမ္ပဏီတွေကို စာနဲ့ထုတ်ပြန်ပေမယ့် ဒီနှစ်မှာတော့ ပါးစပ်နဲ့ပဲ ကြေညာခဲ့ပါတယ်။ တရားဝင် စာနဲ့ထုတ်ပြန်ချက်တော့ မလုပ်သေးပါဘူး”ဟု ဦးမြင့်ဌေးက ပြောသည်။

ယခင်နှစ်က တင်ဒါခေါ်သည့်ရက်နှင့် တင်ဒါပိတ်သည့်ရက်သည် ရက်ပေါင်း ၃၀ ခန့်သာကြာသော်လည်း ယခုနှစ်တွင် ရက်ပေါင်း ၅၁ ရက်ကြာကြောင်းသိရသည်။

ဦးအောင်ကျော်ဇံက မိန့်ခွန်းစကား ပြောကြားရာတွင် တင်ဒါစည်းမျဉ်းစည်းကမ်းအတိုင်း ရွေးချယ်မည်ဖြစ်ပြီး၊ ဒေသခံ ကုမ္ပဏီများကို ဦးစားပေးမည့်အပြင် ကုမ္ပဏီတစ်ခုကို တင်ဒါတစ်ခုစီရအောင် စီစဉ်ပေးမည်ဆိုသော်လည်း ပြောသည့်အတိုင်း ဆောင်ရွက်ပေးမှုမရှိကြောင်း သိရသည်။

ကုမ္ပဏီများကို အအောင်ပေးရာတွင် စျေးလျှော့တင်သည့် ကုမ္ပဏီကို ပေးသည့်အပြင်၊ ကုမ္ပဏီတစ်ခုတည်းက ၄ ခုအောင်ခြင်း၊ ဒေသခံကုမ္ပဏီများကို ဦးစားပေးမှုမရှိကြောင်း ဆိုသည်။

“ဦးအောင်ကျော်ဇံက သူပြောတဲ့အတိုင်း မလုပ်ခဲ့ပါဘူး။ ကုမ္ပဏီတစ်ခုတည်းကို တင်ဒါ ၄ ခု ထိ ပေးတာတွေ ရှိတဲ့အပြင် ဒေသခံကုမ္ပဏီက တင်ဒါတစ်ခုတည်းရတာတွေရှိခဲ့ပါတယ်။ ကျွန်တော်တို့ ရသေ့တောင်မှာ တင်ဒါ ၁၄ ခု ခေါ်ခဲ့ပေမယ့် ဒေသခံကုမ္ပဏီက တစ်ခုတည်းသာ ရလိုက်ပါတယ်”ဟု ရသေ့တောင်မြို့နယ်မှ ကုမ္ပဏီပိုင်ရှင်တစ်ဦးကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သိရှိလိုသဖြင့် စက်မှု/လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ ကို ဖုန်းအကြိမ်ကြိမ်ဆက်ခဲ့သော်လည်း လက်ခံဖြေဆိုခဲ့ခြင်းမရှိပါ။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ရက်တစ်ရာ စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းရာတွင် လာဘ်ပေး လာဘ်ယူမှုများကို အထောက်အထားအထားနှင့် တင်ပြနိုင်ပါက ထိထိရောက် အရေးယူမည်ဟု ပြည်သူများသို့ တရားဝင်ပြောကြားထားသည်။

Most read this week

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...