ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းမှ မန္တလေးတွင် လက်တုများ အခမဲ့တပ်ဆင်ပေးမည်

ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းမှ မန္တလေးတွင် လက်တုများ အခမဲ့တပ်ဆင်ပေးမည်
by -
နိရဥ္စရာ
ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းမှ  ခြောက်ကြိမ်မြောက် လက်တုတပ်ဆင်ခြင်းကို လာမည့် အောက်တိုဘာလတွင် မန္တလေးမြို့၌  အခမဲ့တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်အရှေ့ဖက်မုဒ်အနီးရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်း ဥက္ကဋ္ဌဒေါ်တင်မေအောင်က မန္တလေးတွင် လက်တုများ တပ်ဆင်ပေးမည်ကို ထုတ်ဖော်ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ လက်တုအခမဲ့တပ်ဆင် ပြုလုပ်ပေးတဲ့ အဖွဲ့အစည်းမရှိသေးဘူးလို့တော့ သိထားပါတယ်။ ဒါကြောင့် ဆင်းရဲနွမ်းပါးပြီး လက်တုတပ်ဆင်ဖို့ လိုအပ်နေသူတွေကို ကူညီ တပ်ဆင်ပေးတာဖြစ်ပါတယ်။ လိုအပ်နေသူတွေ အကုန်လုံးကိုတပ်ဆင်ပေးချင်ပေမယ့် အလှူရှင်နဲ့ပစ္စည်းအပေါ်မှာ မူတည်ပြီး တပ်ဆင် ပေးနေရပါတယ်။ နောက်ထပ်အလှူရှင်တွေ အများကြီးရလာရင်တော့ ပိုပြီးကူညီပေးနိုင်မှာပါ။ ကူညီ လှူဒါန်း ပေးမယ့်သူတွေကိုလည်း ဖိတ်ခေါ်ပါတယ်” ဟု ဒေါ်တင်မေအောင်ကဆိုသည်။

လက်တုတပ်ဆင်ခြင်းကို အောက်တိုဘာလ ၉ ရက်နေ့တွင် မန္တလေးမြို့ လမ်း ၃၀ နှင့် ရ၉ လမ်းထောင့်ရှိ မြတ်ဆုရှင်ဘုရားဓမ္မာရုံ၌ နံနက် ၉ နာရီမှညနေ ၄ နာရီအတွင်း လက်တု ၂၀၀ ကို တပ်ဆင် ပေးသွားမည်ဖြစ်သည်။

ထိုလက်တုတပ်ဆင်ထားသူများသည်ဇွန်းကိုင်ပြီးထမင်းစားခြင်း ၊ရေခွက်ကိုင်ပြီးရေသောက်ခြင်း၊ ပန်းချီရေးခြင်း၊ စာရေးခြင်းတို့ကိုပြုလုပ်နိုင်ပြီးအချို့သောသူများသည် ဆိုင်ကယ်မောင်းခြင်းများပင် ပြုလုပ်နိုင်ကြောင်း ဖောင်ဒေးရှင်း ဒုဥက္ကဋ္ဌ ဦးတိုးဘရှမ်းက ဆိုသည်။

ထိုလက်တုတပ်ရန်အတွက် ၁။ မည်သည့်ဘက်မဆို လက်တံတောင်ဆစ်မှ (၅)လက်မရှည်သော လက်ဖျံ ရှိရပါမည်။၂။လက်တစ်ဖက်ထဲကိုဘဲတတ်ပေးမည်ဖြစ်ပါသည်။၃။ ညာလက်ပြတ်သူကို ဦးစားပေးပါမည် ၄။ ငွေကြေးမတတ်နိုင်သူ ဖြစ်ရပါမည် ၅။ မိမိ၏အမည်၊ အသက်၊နေရပ်လိပ်စာ၊ ဆက်သ္ဗယ်လို့ရမည့် ဖုန်းနံပါတ်၊ အလုပ်အကိုင်၊ အဘယ်ကြောင့် ပြတ်သွားရသည့် အကြောင်းအရင်းတို့ကို ပြောပြရမည် ဖြစ်ကြောင်း သိရသည်။

အထက်ပါ အချက်အလက်များနှင့် ကိုက်ညီသောသူများသည် ၁။ ဒေါ်တင်မေအောင် (ဥက္ကဋ္ဌ) ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်း။ဖုန်း ၀၁-၅၃၅၆၆၀၊ ၀၉-၄၂၀၀၄၂၇၁၈၊၂။ ဦးတိုးဘရှမ်း (ဒု ဥက္ကဋ္ဌ) ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်း။ ဖုန်း ၀၁-၅၃၅၆၆၀၊ ၀၉-၅၁၀၄၅၁၀ တို့ထံတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ဆက်သွယ်အကြောင်းကြား စာရင်းပေးသွင်းထားနိုင်ပြီး စာရင်းပြည့်သောအခါ ပြန်လည် အကြောင်းကြားပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်တုတပ်ဆင်ခြင်းကို အမေရိကန်နိုင်ငံ Ellen Meadows Prosthetic Hand Foundation နှင့်Rotary ကလပ်တို့က ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး လက်အတုများကို Ellen Meadows Prosthetic Hand Foundation မှ ထုတ်လုပ်လှူဒါန်းပေးခြင်းဖြစ်ကာ ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းမှ တပ်ဆင် ကူညီ ပေးခြင်းဖြစ်ကြောင်း အခမ်းအနားတွင် ရှင်းလင်းပြောကြားသည်။

ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းမှ လက်တုများတပ်ဆင်ပေးခြင်းကို ၂၀၁၃ ဒီဇင်ဘာလတွင် တစ်ကြိမ်၊ ၂၀၁၄ခုနှစ် ဒီဇင်ဘာလတွင်တစ်ကြိမ်၊ ၎င်းအပြင် ရခိုင်ပြည်နယ်တွင် အခမဲ့ဆေးကုသပေးခဲ့ရာတွင်လည်း လက်တုများ တပ်ဆင်ပေးခဲ့ကြောင်းနှင့် ၂၀၁၅က ရန်ကုန်မြို့တွင်လည်း တပ်ဆင်ပေးခဲ့ရာ စုစုပေါင်း လက်တု (၄၅၀)ကို ၅ ကြိမ်ထိတင်ဆင်ပေးခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းသည် လက်တုများတပ်ဆင်ပေးခြင်းအပြင် ရခိုင်ပြည်နယ်တွင် ဆေးဝါးများ အခမဲ့ကုသပေးခြင်း၊ ရေကန်များတူးဖော်ခြင်း၊ စာသင်ကျောင်းများ၊ကျောင်းသုံးပစ္စည်များ လှူဒါန်းခြင်း စသည့် လူမှုကူညီရေး လုပ်ငန်များကိုလည်း ဆောင်ရွက်ပေးနေကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...