ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးပြီးဆုံး

ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးပြီးဆုံး
by -
နိရဥ္စရာ
သြဂုတ်လ ၃ ရက်နေ့မှ စတင်ကျင်းပခဲ့သော ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးကို သြဂုတ်လ ၂၄ ရက်နေ့တွင် နဝမနေ့အဖြစ် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး လွှတ်တော်အစည်းအဝေးပြီးဆုံးကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။

ယခုအကြိမ်ကျင်းပခဲ့သော ရခိုင်ပြည်နယ်လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်း ၉၉ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၅၅ ခုကို မေးမြန်းခဲ့ပြီး၊ အဆို ၁၂ ခုကိုလွှတ်တော်သို့ တင်သွင်းခဲ့ပြီး အဆိုအားလုံးကို အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

ယင်းအဆိုများထဲမှ အချို့အဆိုများသည် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် အလွန် အရေးကြီးကြောင်းနှင့် ယခုအကြိမ် လွှတ်တော်နှင့်ပတ်သက်၍ အားရကျေနပ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောကြားခဲ့သည်။

“အဆိုနဲ့ ပတ်သက်လို့ ၁၂ ခု ဖြစ်ပြီး အားလုံးသောအဆိုများကိုလည်း အတည်ပြုနိုင်ခဲ့ပါတယ်။ အဲ့ဒီအဆိုထဲက တစ်ချို့အဆိုတွေဟာ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအတွက် အလွန် အရေးကြီးတယ် ဆိုတာကို ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါတွေဟာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အရည် အသွေးကို ဖေါ်ပြခြင်းဖြစ်ပါတယ်။ အဆိုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့အခါမှာလည်း အလွန် ကျေနပ်စရာကောင်းလောက်အောင် ဆွေးနွေးသွားတာတွေကို တွေ့ရှိရပါတယ်”ဟု ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ပြောသည်။

သူကဆက်လက်၍ မိမိတို့အနေဖြင့် ဆင်းရဲသည့်နိုင်ငံတစ်ခုကို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် ဖြစ်လာစေရန် တည်ဆောက်နေကြသည့်လူများဖြစ်ကြောင်း၊ မိမိတို့ မျှော်မှန်းသည့် နိုင်ငံတော်ကြီးဖြစ်ရန်အတွက် အမျိုးသားရင်ကြားစပ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုသည်မှာ မရှိမဖြစ်လိုအပ်ကြောင်း၊ နှစ်ပေါင်းများစွာဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကြီးကို အဆုံးသတ်သင့်သည့် အချိန်ရောက်နေကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း ပူးပေါင်းပါ၀င်ကြပါဟု တိုက်တွန်းလိုကြောင်း ပြောကြားသွားသည်။

ယင်းအပြင် သူက မကြာမီ ၂၁ ရာစု ပင်လုံညီလာခံကြီးကို ကျင်းပတော့မည်ဖြစ်ကြောင်း၊ ၄င်းပင်လုံညီလာခံမှ ရလဒ်ကောင်းများ ပေါ်ထွက်လာနိုင်ပါစေလို့ ဆန္ဒပြုပါကြောင်း ပြောကြားသွားခဲ့သည်။

Most read this week

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...