ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အိန္ဒိယမှ အလေးထားဆောင်ရွက်မည်ဟုဆို

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အိန္ဒိယမှ အလေးထားဆောင်ရွက်မည်ဟုဆို
by -
နိရဥ္စရာ
အိန္ဒိယအစိုးရအနေဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အတွက် အလေးထားဆောင်ရွက်သွားမည်ဟု စစ်တွေ အခြေစိုက် အိန္ဒိယ ကောင်စစ်ဝန် Rajesh Kumar က ပြောကြားလိုက်သည်။

သြဂုတ်လ ၂၃ ရက်နေ့က အိန္ဒိယ ကောင်စစ်ဝန်မှ  နိရဥ္စရာသတင်းဌာန စစ်တွေ အခြေစိုက်ရုံးမှ တာဝန် ရှိသူများအား ဖိတ်ခေါ်ပြီး အိန္ဒိယ အနေဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက် နေမှုများကို ရှင်းလင်း ပြောကြားစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ အိန္ဒိယအစိုးရအနေနဲ့ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အလေးထား ဆောင်ရွက်သွားမှာပါ။ ယခုလက်ရှိ စစ်တွေမြို့နယ်မှာ မူလတန်းကျောင်း ၂ ကျောင်းနဲ့ မောင်တောမြို့နယ်မှာ မူလတန်းကျောင်း ၂ ကျောင်းအပါအဝင် ကျောင်း ၁၀ ကျောင်းအတွက် ပြည်ထောင်စုအစိုးရက တစ်ဆင့် အမေရိကန် ဒေါ်လာ တစ်သန်း ကူညီထားပါတယ်” ဟု အိန္ဒိယ ကောင်စစ်ဝန်က ဆိုသည်။

၎င်းပြင် သူက  ရသေ့တောင်မြို့နယ် အငူမော်-မောင်တောလမ်း တည်ဆောက်ရေး အတွက်လည်း အမေရိကန် ဒေါ်လာ သန်း ၂၀ ကူညီထားသည်ဟု ပြောကြားသည်။ သို့သော်လည်း ၎င်းထောက်ပံ့ငွေ များကို ပြည်ထောင်စု အစိုးရမှ တစ်ဆင့် ကူညီထားကြောင်း ပြောဆိုသည်။

ယင်းအပြင် ပြည်မှ ကျောက်ဖြူသို့ လျှပ်စစ်ဓါတ်အားလှိုင်း ဖြန့်ဖြူနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရသို့ ချေးငွေထုတ်ချေးထားပြီး၊ ရခိုင်ပြည်နယ်တွင် စိုက်ပျိုးရေးစီမံကိန်းတစ်ခု စီစဉ်ဆောင်ရွက်ပေးနိုင်ရန် အိန္ဒိယ သံရုံးမှတစ်ဆင့် အိန္ဒိယအစိုးရသို့ တင်ပြတောင်းဆိုသွားမည်ဟု ဆိုသည်။

အိန္ဒိယက တာဝန်ယူ၍ စစ်တွေဆိပ်ကမ်းကို အပြည်အပြည်ဆိုင်ရာဆိပ်ကမ်း အဖြစ် တည်ဆောက် နေမှုသည် လည်း ယခုနှစ်ဒီဇင်ဘာလ (သို့မဟုတ်) ၂၀၁၇ ခုနှစ် ဇန္နဝါရီလတွင် လုပ်ငန်းပြီးစီးနိုင်မည်ဖြစ်ပြီး လုပ်ငန်းအားလုံးကို မြန်မာအစိုးရသို့ လွှဲပြောင်းပေးအပ်သွားပြီး ဆိပ်ကမ်းစီမံခန့်ခွဲမှုအားလုံးကို မြန်မာ အစိုးရက ဆောင်ရွက်သွားမည်ဟု သူက ပြောကြားသည်။

စစ်တွေဆိပ်ကမ်းသည် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခု ဖြစ်လာမည်ဖြစ်ပြီး ပုဂ္ဂလိက သင်္ဘောများကိုပါ ဆိုက်ကပ်ခွင့်ပြုမည်ဖြစ်ကာ ရခိုင်ပြည်နယ်အတွက် အကျိုးရှိသောစီမံကိန်း တစ်ခု ဖြစ်လာမည်ဟု အိန္ဒိယ ကောင်စစ်ဝန်က ပြောကြားသည်။

ယင်းဆိပ်ကမ်းကို အသုံးပြုပြီး အိန္ဒိယနိုင်ငံရှိ ကာလကတ္တားဆိပ်ကမ်းနှင့် တိုက်ရိုက်ကုန်စည် စီးဆင်းမှုများရှိလာမည်ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ကုန်စျေးနှုန်းကြီးမြင့်နေမှုများကိုလည်း ကုန်စျေးနှုန်း လျော့ကျလာနိုင်အောင် လုပ်ဆောင်နိုင်လိမ်မည်ဟု မျှော်လင့်ကြောင်း ၄င်းကပြောသည်။

အင်္ဂလိပ်ကိုလိုနီအစိုးရ အုပ်ချုပ်စဉ်အခါက ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းနှင့် အိန္ဒိယနိုင်ငံ ကာလကတ္တား ဆိပ်ကမ်းတို့သည် တိုက်ရိုက် ကုန်သွယ်မှုရှိခဲ့ပြီး နှစ်ဘက် ကုန်စည်များကို အပြန််အလှန် တင်ပို့မှုများ ရှိခဲ့သဖြင့်  ရခိုင်ပြည်နယ်၏ စီးပွားရေးမှာ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ကာလကတ္တား တက္ကသိုလ်တွင် ပညာရေး သင်ကြားခွင့်ရခဲ့သဖြင့် ရခိုင်ပညာရည်မှာ မြင့်မားခဲ့ပြီး ပညာတတ်များ များစွာထွန်းကားခဲ့သည်ဟု  လေ့လာသိရှိရသည်။

Most read this week

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...