ဆီးယင်း သစ်တောကြိုးဝိုင်း အတွင်း ကျူးကျော်နေထိုင် သူများ အမြန်ဆုံးထွက် ခွါကြရန် ပြည်နယ် အစိုးရ ထပ်မံသတိပေး

ဆီးယင်း သစ်တောကြိုးဝိုင်း အတွင်း ကျူးကျော်နေထိုင် သူများ အမြန်ဆုံးထွက် ခွါကြရန် ပြည်နယ် အစိုးရ ထပ်မံသတိပေး
by -
ခိုနူမ်းထုန်
ချင်းပြည်နယ် ဖလမ်းမြို့နယ် ဆီးယင်းသစ်တောကြိုးဝိုင်းအတွင်း ဘွာလ်ပီးကွင်းနေရာတွင် သဘာဝဘေး ဒုက္ခသည်များဟု အမည်ခံကာကျူးကျော်နေထိုင်ကြသူများ အမြန်ဆုံးထွက်ခွါသွားကြရန် ချင်းပြည်နယ် အစိုးရက ထပ်မံသတိပေးလိုက် သည်။

အဆိုပါဒေသတွင် မြေကွက်များဝယ်ယူကာ လူမနေဘဲ နေအိမ်များဆောက် ထားကြသူ များနှင့် နေအိမ်များ ဆောက် လုပ်ပြီးနေထိုင်ကြသူများ အနေဖြင့် ကိုယ့်အထုပ်ကိုယ်ထမ်းပြီး မိမိတို့နေရပ်သို့ ပြန်သွားကြရန် ချင်းပြည်နယ် စည်ပင်၊ လျှပ်စစ်၊ စက်မှု/လက်မှု ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်က သတိပေးပြောဆိုခဲ့ခြင်းဖြစ် သည်။

“ဘွာလ်ပီးမှာ ဦးစီးဦးဆောင်လုပ်တဲ့ ဦးဟောင်ဇနန်တို့အဖွဲ့တွေကို တရားဥပဒေအရ ထိန်းသိမ်းထားပြီး ပါပြီ၊ နောက်ပြီးတော့ ပါ၀င်ပတ်သက်တဲ့လူတွေကို ဆက်လက်ပြီးတော့ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက် သွားဖို့ အဆင့် ဆင့်ဆောင် ရွက်ပြီးဖြစ်ပါတယ်၊ အဲဒီအတွက်ကြောင့်မို့လို့ ရွာထဲမှာနေပြီးတော့မှ အခြေအနေများ ကောင်းလာ မလားဆိုပြီးတော့ မှ မျှော်လင့်ချက်တစ်ခုနဲ့နေတဲ့လူများကို အသိပေးချင်ပါတယ်၊ ဆက်ပြီးတော့ မနေပါ နဲ့ တတ်နိုင်သမျှ ပြန်လာပါ၊ ခုချိန်မှာ ကိုယ့်အထုပ်ကိုယ်ထမ်းပြီးတော့ပြန်လာရင် ဆုံးရှုံးမှုနည်းပါ လိမ့်မယ်၊ ဒါကတော့ အစိုးရအဖွဲ့ရဲ့ သဘောထားဖြစ်ပါတယ်’’ ဟု ၀န်ကြီးကပြောသည်။

ကလေးမြို့အနောက်ဘက် စက္ကန့်ရွာအထက်နားတွင် တည်ရှိသော ဘွာလ်ပီးဒေသတွင် ယခုလက်ရှိ အိမ်ခြေ စုစုပေါင်း ၃၆၁ အိမ်ရှိနေပြီး အမှန်တကယ်နေထိုင်သူမှာ လူဦးရေ ၁၈၀ ခန့်သာရှိကြသည်။ အဆိုပါဒေသတွင် မြေကွက်ဝယ်ယူပြီး နေအိမ်များဆောက်လုပ်သူအများစုမှာ ကလေးမြို့နယ်နှင့် ဖလမ်းမြို့နယ်တို့မှဖြစ်ကြပြီး သဘာဝဘေးကြောင့် ဒုက္ခရောက်နေကြသော ဒုက္ခသည်အစစ်များမဟုတ်ကြကြောင်း ပြည်နယ်အစိုးရက ပြောသည်။

အဆိုပါဒေသတွင် နေထိုင်သူများသည် ဒုက္ခသည်အစစ်များမဟုတ်ကြသည့်အတွက် ပြည်နယ်အစိုးရအနေဖြင့်  မည်သည့်နည်းနှင့်မျှ အသိမှတ်မပြုနိုင်ကြောင်း ၀န်ကြီးအိုက်ဇက်ခင်ကပြောသည်။

“ မြေကွက်တွေဝယ်ထားတဲ့သူတွေဘဲ ဖြစ်ဖြစ်၊ မြေကွက်တွေဝယ်ဖို့ရန် စိတ်ကူးစဉ်းစားတဲ့သူတွေ သတိရှိစေ ချင်ပါတယ်၊ ၀ယ်ပြီးရင်လည်းပဲ ဒါတွေက ဖျက်သိမ်းရမှာဖြစ်တဲ့အတွက်ကြောင့် အရှုံးပဲဖြစ်မှာပါ၊ အစိုးရဘက်က များအသိမှတ်ပြုလေ မလား၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အထိစာတင်ထားတဲ့အတွက် ကြောင့်မို့လို့ တချိူ့ပါတီ ၀င်တွေက ၀ိုင်းပြီးမှကူပေး တဲ့အတွက် ကြောင့်မို့လို့ အသိအမှတ်များ အစိုးရက ပေးမလားဆိုပြီး မျှော်လင့်ချက် များမထားစေချင်ပါဘူး၊ လုံးဝလုံးဝ လုံးဝ ကျနော်တို့အစိုးရသစ်က အသိမှတ်ပြုနိုင်စရာအကြောင်းမရှိပါဘူး၊ ဘာဖြစ်လို့လဲဆိုရင် ဒုက္ခသည်အစစ်တွေမဟုတ်လို့’’ ဟု ၀န်ကြီးကပြောသည်။

ဘွာလ်ပီးတွင် နေထိုင်သူ ဒေသခံတစ်ဦးကတော့ ၎င်းတို့သည် ဒုက္ခသည်များဖြစ်ကြကြောင်း၊ နေစရာမရှိသည့် အတွက်ကြောင့် ယခုနေရာတွင် လာရောက်နေထိုင်ကြခြင်းဖြစ်သာဖြစ်သည်ဟု ပြောဆိုသည်။

“သဘာဝဘေးအန္တရာယ်နဲ့ဒုက္ခသည်မဟုတ်ဘူးဆိုရင် ရန်ကုန်၊ မန္တလေးပြောင်းချင်တယ်၊ ကလေးမြို့ တာဟန်းမှာ နေချင်တယ်၊ ဒုက္ခသည်ဆိုတာ အမျိူးမျိူးဒုက္ခသည်နဲ့လာကြတယ်၊ တောင်ပေါ်ကမြေပြိုဒုက္ခ၊ မြေပြန့်က ရေဘေး အန္တရာယ်နဲ့လာကြတယ် ဘဝဒုက္ခသည်တွေရော ရွာပေါင်းစုံဒုက္ခသည်တွေ လည်းလာကြတယ် အဲဒါတော့ ဒုက္ခသည် အမှန်ဘဲ ဒါပေမယ့် ဘာဒုက္ခ သည်နဲ့လာသလဲ အမျိူးမျိူးပါ ဒီမှာ မြေပြိုရမှာလည်းလွတ်၊ ရေဘေးလည်းလွတ် အဲဒါနဲ့ ဒီနေရာမှာ အစိုးရအဆောက် အဦးစီမံကိန်းလည်းမရှိဘူး၊ စိုက်ခင်းလည်းမဟုတ်ဘူး၊ မြေလွတ်ဆိုပြီးခါမှ တောခေါင်း နယ်မြေတော့ဟုတ်တယ် ဒါပေမယ့် မြေလွတ်ဆိုပြီးခါမှ နေကြတာပါ’’ ဟု သူကပြောသည်။

February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...