ရခိုင်လူမှုအဖွဲ့အစည်းများ ညှိနှိုင်းရေးကော်မတီမှ သြဂုတ်လ ၂၁ ရက်နေ့ စစ်တွေမြို့ အာရီယာန် ခန်းမတွင် ပြုလုပ်ခဲ့သော စစ်တွေမြို့ပေါ်ရှိ မြို့မိမြို့ဖများ၊ စည်းထိန်းနှင့် မဘသမှ သံဃာတော်များ လူမှုအဖွဲ့အစည်းတစ်ချို့တို့ တက်ရောက်သော အစည်းအဝေးမှ ထိုသို့ တောင်းဆိုရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
နိုင်ငံသားစိစစ်ရေးအဖွဲ့က ဘူးသီးတောင်တွင် ဘင်္ဂလီ ၂၉ ဦးအား စနစ်တကျ စိစစ်မှုမရှိဘဲ ပြုနိုင်ငံသားများ အဖြစ် ပေးခဲ့မှုအပေါ် လူထုကမကျေနပ်၍ ကန့်ကွက်ဆန္ဒထုတ်ဖေါ်မှုများပြုလုပ်ခဲ့ပြီး၊ ကန့်ကွက်မှုတွင် ဦးဆောင်ပါ၀င်ခဲ့သူများကို သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူရန် လုပ်ဆောင်နေမှုနှင့်ပတ်သက်၍ အစည်းအဝေးပြုလုပ်စဉ် ယင်းသို့ တောင်းဆိုရန် ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
“နိုင်ငံသားစိစစ်မှုလုပ်တယ်ဆိုရင် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအတိုင်း လုပ်ဆောင်နိုင်မှ ဆက်လက် လုပ်ဆောင်စေချင်ပါတယ်။ ၁၉၈၂ ဥပဒေအတိုင်း မလုပ်ဆောင်နိုင်ဘူးဆိုရင်တော့ နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်တွေကို ရပ်တန့်ထားစေချင်ပါတယ်။ ၁၉၈၂ နိုင်ငံသားဥပဒေမှာ နိုင်ငံသားဖြစ်ထိုက်သူကို နိုင်ငံသားပေးတာအပြင် နိုင်ငံသားမဖြစ်ထိုက်သူတွေကို အရေးယူဆောင်ရွက်ဖို့ ဥပဒေလည်းပါရှိပါတယ်။ နိုင်ငံသားစိစစ်ရေး လုပ်နေတဲ့ကော်မတီအနေနဲ့ နိုင်ငံသားမဖြစ်ထိုက်သူတွေကို ဘယ်လို စီစဉ် ဆောင်ရွက်မယ်ဆိုတာကို လူသိရှင်ကြား ချပြဖို့ လိုအပ်နေပါတယ်။ မချပြနိုင်ရင်တော့ ဥပဒေနဲက မညီတဲ့ အတွက် ဆန့်ကျင် ကန့်ကွက်ရမှာပဲ” ဟု ဥပဒေပညာရှင်လည်းဖြစ်၊ စစ်တွေမြို့မိမြို့ဖအဟောင်းလည်း ဖြစ်သူ ဦးသာပွင့်က အစည်းအဝေးတွင် ထောက်ပြပြောဆိုသည်။
ယင်းပြောဆိုချက်ကို အစည်းအဝေးတက်ရောက်လာသူများက ထောက်ခံခဲ့ကြပြီး၊ ယင်းအချက်အပြင် အခြားအချက်များ ပါ၀င်သည့် ထုတ်ပြန်ချက်တစ်စောင်ကိုလည်း ထုတ်ပြန်သွားမည်ဟု သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။
ယင်းသဘောထား ထုတ်ပြန်ချက်ကို မြို့မိမြို့ဖ အဖွဲ့တွင် တာဝန်ယူ ဆောင်ရွက်ခဲ့သူ ဦးသန်းထွန်း၊ ရှေ့နေဟောင်းများဖြစ်သည့် ဦးသာပွင့်၊ ဦးဖိုးကျော်သန်းနှင့် သံဃာတော်နှစ်ပါးက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်သည်။
ယင်းအပြင် ဘူးသီးတောင်ကိစ္စတွင် တရားဥပဒေမဲ့လုပ်ဆောင်ခဲ့ကြသော သက်ဆိုင်ရာ ၀န်ကြီးများကို တရားစွဲဆိုနိုင်ရန် ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်။
“နိုင်ငံတော်သမ္မတပဲဖြစ်ဖြစ်၊ အစိုးရပဲဖြစ်ဖြစ်၊ ၀န်ကြီးပဲဖြစ်ဖြစ် ဥပဒေကို ချိုးဖေါက်ပြီး လုပ်ဆောင်လာတယ် ဆိုရင် တရားစွဲဆိုလို့ရပါတယ်။ သက်ဆိုင်ရာဝန်ကြီးကို တရားစွဲဆိုချင်တယ်ဆိုရင် Notice စာကို နိုင်ငံတော်သမ္မတဆီကို ရက်ပေါင်း၂၀ ကြိုတင်ကြောင်းကြားပြီး တရားစွဲဆိုလို့ရပါတယ်”ဟု ဦးဖိုးကျော်သန်းကပြောသည်။
အစည်းအဝေးတွင် ထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်ရန်သဘောတူညီခဲ့ပြီး ဘူးသီးတောင်တွင် တရားစွဲဆိုခံထားရသူများနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးကို ညနေ ၄ နာရီခန့်တွင် စတင်ပြီး ၅ နာရီကျော်တွင် ပြီးဆုံးခဲ့သည်။ အစည်းအဝေးသို့ ရဟန်းသံဃာများအပါအဝင် ၃၀ ခန့် တက်ရောက်ခဲ့ကြသည်။







