မြောက်ဦးတွင် ကျေးရွာသား ၅၀၀ ခန့်က ဆရာဆရာမပိုင်ဆိုင်သည်ဟု ဆိုသော မြေနှင့် ပတ်သက်ပြီး ဆန္ဒပြ

မြောက်ဦးတွင် ကျေးရွာသား ၅၀၀ ခန့်က ဆရာဆရာမပိုင်ဆိုင်သည်ဟု ဆိုသော မြေနှင့် ပတ်သက်ပြီး ဆန္ဒပြ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်တွင် ကျေးရွာသားများနေထိုင်သော မြေများအား ဆရာ ဆရာမ ၁၁ ဦးက သူတို့ပိုင်ဆိုင်သည်ဟု ဆိုကာ ကျေးရွာသား ၂၂ ဦးကို တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး ကျေးရွာသား ၅၀၀ ခန့်က သြဂုတ်လ ၁၈ ရက် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးစံထွန်းလှက နိရဥ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့ ဆန္ဒပြရတာက ကျွန်တော်တို့ ဘိုးစဉ် ဘောင်ဆက် နေထိုင်လာတဲ့ ထမ္မရာဇ် ရပ်ကွက်မှာ ရွာသားတွေ ပိုင်တဲ့ မြေကို သူတို့ပိုင်လို့ ပြောတယ်။  ရွာသား ၂၂ ဦးကို မြောက်ဦးမြို့ပေါ်က ဆရာ၊ဆရာမ ၁၁ ဦးက တရားစွဲဆိုတယ်။ ကျွန်တော်တို့ ဒီရွာကနေ ဘယ်ကိုမှလည်း မသွားနိုင်ဘူး၊ တရားရုံးမှာလည်း အမှု ရင်မဆိုင်နိုင်ဘူး။ ဒီအတွက် ကျွန်တော်တို့ ကန့်ကွက် ဆန္ဒပြရတာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

ဆန္ဒပြပွဲတွင် လူပေါင်း ၅၀၀ ခန့် ပူးပေါင်း ပါ၀င်ခဲ့ကြပြီး အများစုမှာ ထမ္မရာဇ်ကျေးရွာနှင့် အနီးအနားရှိ  ဗူးရွက်မညိုး၊ အောက်သကန်၊ ဝေသာလီ၊ ပီပင်ရင်း၊ ပေါက်တောပြင်၊ အုတ်ဖော်ကန်၊ မောင်ရီကန်၊ သံချောင်းဟောင်းနှင့် သံချောင်းသစ် မှ ရွာသားများ ဖြစ်ကြသည်ဟု ဦးစံထွန်းလှက ပြောသည်။

ဆန္ဒပြသူများသည် ရှစ်သောင်းဘုရားတွင် စုရပ်လုပ်ပြီး မြောက်ဦးမြို့ထဲရှိ လမ်းများပေါ်တွင် ပိုစတာ၊ ဆိုင်းဘုတ်များကိုင်ဆောင်ပြီး ၁၉၉၈ ခုနှစ် ထမ္မရာဇ် မြို့သစ် စီမံကိန်းမြေပုံအား အများပြည်သူများ သိအောင်ချပြရေး၊ ဆရာ/ဆရာမများ စွဲဆိုထားသည့် အမှုအား ချက်ချင်း ရပ်စဲပေးရေး၊ မိမိပိုင်အိမ်ရာ မြေကွက်များ၌ မူလအတိုင်း နေထိုင်ခွင့်ပြုရေး၊ အိမ်ရာမြေ ကိစ္စအား မြေစာရင်းဌာနမှ အမှန်အတိုင်း ဆောင်ရွက်ပေးရေး စသည်တို့ကို တောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။

Htamarite 2

“ အခုတရားစွဲခံရတဲ့ အထဲမှာ ထမ္မရာဇ်ရွာ ဦးသန်းမောင်၊ ဒေါ်လှသိန်းဝင်းတို့အပြင် ကလေးတွေကိုပါ တရားစွဲ ဆိုထားပါတယ်။ ၂၀၁၃ ခုနှစ်က တရားစွဲဆိုခဲ့ပေမယ့် ခုနောက်ပိုင်းမှာ ပိုပြီး အားတင်လာတာကို တွေ့ရပါတယ်။ ဒီအတွက် ကျွန်တော်တို့ကလည်း ၀ိုင်းဝန်း ဆန္ဒပြရတာ ဖြစ်ပါတယ်” ဟု ထမ္မရာဇ်မှ ဒေသခံ ဦးလှကျော်မှ ပြောသည်။

တရားစွဲဆိုရာတွင် မြောက်ဦးမြို့ ပညာရေးဌာနမှ ဆရာ ဆရာမများ ပါ၀င်ပတ်သက်နေသဖြင့် မြောက်ဦးမြို့နယ် လက်ထောက် ပညာရေးမှူး ဦးစံရွှေအား ဆက်သွယ်မေးမြန်းရာ “ ဒီမြေက ဆရာ ဆရာမတွေကို လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ် ထမ္မရာဇ်မြို့သစ်ချတုန်းက သက်ဆိုင်ရာက အကွက်တစ်ကွက်ကို ကျပ် ၃၀၀၀ နဲ့ ခွဲဝေပေးခဲ့တဲ့ မြေဖြစ်ပါတယ်။ ကျွန်တော်ကတော့ အဲဒီ အချိန်က မြို့နယ် လက်ထောက် ပညာရေးမှူး မဟုတ်ပါဘူး။ ကျောင်းဆရာ တစ်ဦးပါ။ ပညာရေးဌာနတစ်ခုတည်းကို မြေကွက်တွေ ပေးခဲ့တာ မဟုတ်ပါဘူး။ တစ်ခြား ဌာနတွေကိုလည်း အိမ်မြေကွက်တွေ ပေးခဲ့ပါတယ်။ ပညာရေးဌာနကိုလည်း မြေကွက် ၆၀ လောက်ပေးခဲ့ပါတယ်။ ဟိုတုန်းကတော့ ခြံုတွေ ဘာတွေနဲ့ဆိုတော့ ဘယ်သူမှ အရေး မစိုက်ကြဘူး။ အခုက ထမ္မရာဇ်ဘက်မှာ မြေတွေက စျေးတက်လာတော့ ဆရာ ဆရာမတွေကို သူတို့ မြေကွက်တွေကို ပြန်လိုချင်လာကြတယ်ထင်ပါတယ်။ ဒါကြောင့် ဒီမြေပြဿနာပြန်ပေါ်လာတာပါ” ဟု ပြောသည်။

ယခု ပြဿာနာနှင့် ပတ်သက်ပြီး ပညာရေးဌာန အနေဖြင့် မည်သို့ ၀င်ရောက် ဖြေရှင်းပေးနိုင်ပါမလဲဟု မေးမြန်းရာ ယခုအမှုမှာ မြေယာပိုင်ဆိုင်မှု အငြင်းပွားမှု ဖြစ်သဖြင့် သက်ဆိုင်ရာ မြေစာရင်းဌာနမှ တစ်ဆင့် ဖြေရှင်းသင့်သည်ဟု ပြောသည်။

ယခု ဆရာဆရာမများ တရားစွဲဆိုထားမှု အပါအဝင် ထမ္မရာဇ် ရွာသားများပိုင်ဆိုင်သော မြေကို မစွန့်လွတ်ပါက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထိ တက်ရောက် ဆန္ဒပြ တောင်းဆိုမည်ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးစံထွန်းလှက ပြောဆိုသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...