ယင်းတွေ့ဆုံဆွေးနွေးပွဲကို သြဂုတ်လ ၁၇ ရက်နေ့ နံနက်က ရခိုင်ပြည်နယ်အစိုးရရုံး ခန်းမဆောင် ၂ တွင် ပြုလုပ်ခဲ့ပြီး ရခိုင်လူငယ်များ အတွက် မူဝါဒရေးဆွဲ အကောင်အထည် ဖေါ်ဆောင်နိုင်ရေးကို အဓိက အလေးပေး ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
“ဒီနေ့တွေ့ဆုံပွဲကို စီစဉ်ရတာက ရခိုင်လူငယ်မူဝါဒ ရေးဆွဲနိုင်ဖို့အတွက် ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ လူငယ်တွေရဲ့ အသံ၊ လူငယ်ကိုယ်စားလှယ်တွေ ရွေးချယ်ခြင်းနဲ့ ဖိုရမ်ကျင်းပနိုင်ဖို့အတွက် လူငယ်တွေအဖွဲ့နဲ့ ပြည်နယ်အစိုးရဌာနဆိုင်ရာတွေနဲ့ ဒါ လုပ်ငန်းချိတ်ဆက် ဆောင်ရွက်တဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်”ဟု ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံး ပြည်နယ်ဦးစီးမှူး ဦးသက်လှိုင်ထွန်းက သတင်းထောက်များသို့ ပြောသည်။
ရခိုင်လူငယ်များအတွက် မူဝါဒတစ်ရပ် အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရန် လူငယ်ဖိုရမ်တစ်ရပ် ကျင်းပနိုင်ရေးအတွက် အစိုးရအဖွဲ့၏ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် UNFPA တို့ ပူးပေါင်း ဆောင်ရွက် သွားမည်ဟု သိရသည်။
၂၀၁၆ ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့ထိ မုံရွာတွင်ကျင်းပခဲ့သော မြန်မာနိုင်ငံ၏ တိုင်းနှင့်ပြည်နယ် ၁၄ ခုမှ တက်ရောက်သော လူငယ်တွေ့ဆုံပွဲတစ်ခုသို့ ရခိုင်လူငယ်ကိုကိုယ်စားပြု၍ လူငယ် ၂၃ ဦးတက်ရောက်ခဲ့ပြီး၊ ယင်းလူငယ်များက ဦးစီးဦးဆောင် ပြုလုပ်ကာ ရခိုင်ပြည်နယ်ရှိလူငယ်များ အသံကို ထင်ဟပ်စေသည့် လူငယ်မူဝါဒတစ်ရပ် ရေးဆွဲနိုင်ရန် ပြည်နယ်အဆင့် လူငယ်ဖိုရမ်တစ်ခု ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ရခိုင်လူငယ်ဖိုရမ်ဖြစ်မြောက်ရန် အဆင့် ၅ ဆင့်ဖြင့် စီစဉ်ဆောင်ရွက်သွားမည်ဟု ရခိုင်ကျောင်းသားသမဂ္ဂက ခေါင်းဆောင်းလည်းဖြစ်၊ ရခိုင်လူငယ်ဖိုရမ်တွင် သတင်းနှင့်ပြန်ကြားရေး၊ မူဝါဒဆိုင်ရာ အချက်အလက်ဖြန့်ဝေရေးတာဝန်ခံ နည်းပညာတက္ကသိုလ် တတိယနှစ်ကျောင်းသား မောင်ဇော်ဇော်ငြိမ်း က ပြောသည်။

“ပြည်နယ်အဆင့် ရခိုင်လူငယ်ဖိုရမ်ဖြစ်မြောက်ရေးအတွက် အဆင့် ၅ ဆင့် သတ်မှတ်ထားပါတယ်။ အဲ့ဒီ အဆင့် ၅ ဆင့်ကတော့ ပထမအဆင့်က ညှိနိုင်းအစည်းအဝေးပါ။ မြို့နယ်စုံ ညှိနှိုင်းအစည်းအဝေး၊ ပြီးတော့ စည်းရုံးရေးခရီးစဉ်၊ ပြီးတော့ တက္ကသိုလ်ကောလိပ်အဆင့် ကျောင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးရေး၊ ပြီးတော့ မြို့နယ်အဆင့် မြို့နယ်အဆင့်ဆိုတာကတော့ အလုပ်အရုံဆွေးနွေးပွဲဖြစ်ဖြစ်၊ ဖိုရမ်တွေဖြစ်ဖြစ်ပါမယ်။ နောက်ဆုံးအဆင့်က ပြည်နယ်အဆင့် ပြည်နယ်ဖိုရမ်ပဲဖြစ်ပါတယ်”ဟု သူကပြောသည်။
မြန်မာနိုင်လူငယ်မူဝါဒရေးဆွဲရာတွင် လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့် ငြိမ်းချမ်းရေး၊ လူငယ်နှင့်ကျားမ ခွဲခြားမှုပပျောက်ရေး၊ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှုနှင့် မျိုးချစ်စိတ်ဓါတ်ခိုင်မာမှုရှိရေး အပါအဝင် အချက် ၁၅ ချက်ပါရှိမည်ဖြစ်သော်လည်း ယင်း ၁၅ ချက်အပြင် တိုင်းရင်းသားများ၏ သမိုင်း၊ စာပေ ယဉ်ကျေးမှု၊ သုခုမအနုပညာ လေ့လာဆည်းပူးခွင့် အပါအဝင် ရခိုင်လူငယ်တို့၏ တင်ပြချက်များကို ထည့်သွင်း ရေးဆွဲသွားမည်ဟု သိရသည်။
လူငယ်မူဝါဒရေးဆွဲရေးအတွက် အထောက်အကူဖြစ်စေရန် တက္ကသိုလ်ကျောင်းသားများနှင့် တွေ့ဆုံမှုကို မြန်ဆန်စွာပြုလုပ်ရန် စစ်တွေတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်မှ ဆရာ ဆရာမများက ရခိုင်လူငယ်ဖိုရမ်ဖြစ်မြောက်ရေး တာဝန်ယူလုပ်ဆောင်နေသည့် လူငယ်များကို ဖိတ်ခေါ်ခဲ့သည်ဟု သိရသည်။
“တက္ကသိုလ်တွေမှာ မကြာမီစာမေးပွဲ ကျင်းပမှာဖြစ်တဲ့အတွက် တက္ကသိုလ်က ကျောင်းသားတွေနဲ့ တွေ့ဆုံရေးကို ဆောလျင်စွာ ပြုလုပ်ပေးဖို့ ဖိတ်ခေါ်ပါတယ်။ စာမေးပွဲစစ်ပြီးသွားရင် ကျောင်းသားတွေ အိမ်ပြန်ကြမှာဖြစ်တဲ့အတွက် ကျောင်းသားတွေကို စုစည်းဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်။ တွေ့မယ့်နေ့ရက်နဲ့ အချိန်ကို ကြိုတင်ပြီးပြောထားမယ်ဆိုရင် ဆရာမတို့အနေနဲ့ တွေ့ဆုံဖို့အတွက် စီစဉ်ပေးလို့ရပါတယ်”ဟု စစ်တွေတက္ကသိုလ်မှ ဆရာမတစ်ဦးကပြောသည်။
တွေ့ဆုံပွဲသို့တက်ရောက်လာသူ ရခိုင်ပြည်နယ်အားကစား ဦးစီးမှူး ဦးအောင်စောမြကလည်း လူ့စွမ်းအားရင်းမြစ်နှင့် ပတ်သက်၍ အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။
“အခု လူငယ်တွေ လုပ်ဆောင်မှာကတော့ အနာဂတ် ကိုယ့်ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက်ပဲ။ အဲဒီ ဖွံ့ဖြိုးရေးအတွက် လူ့စွမ်းအားရင်းမြစ်ရှိဖို့ လိုအပ်တယ်။ လူ့စွမ်းအားရင်းအမြစ်ရှိရင် နိုင်ငံကို တည်ဆောက် နိုင်မယ်။ ပြည်နယ်ကို တည်ဆောက်နိုင်မယ်။ ကျွန်တော် သိသလောက် လူ့စွမ်း အား ရင်းမြစ်ကို အဓိပ္ပာယ်ဖွင့်ဆိုရရင် ကျန်းမာကြံ့ခိုင်ပြီး၊ ပညာတတ် တွေးခေါ်မြော်မြင်မှုရှိတဲ့ လူကိုခေါ်တယ်”ဟု လူသားရင်းမြစ်နှင့်ပတ်သက်၍ အားကစားရှုထောင့်မှ ဦးအောင်စောမြက ပြောသည်။
ယနေ့ဆွေးနွေးပွဲသို့ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ အားကစားဦးစီးဌာနအပါအဝင် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စစ်တွေတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်မှ ကျောင်းသူ ကျောင်းသားများ၊ ဆရာ ဆရာမများနှင့် ရခိုင်လူငယ်မူဝါဒရေးဆွဲရေးနှင့် ဖိုရမ်ဖြစ်မြောက်ရေးမှ လူငယ် ကိုယ်စားလှယ်များ စုစုပေါင်း ၅၀ ခန့်တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲကို နံနက် ၁၀ နာရီတွင် စတင်ပြီး နေ့လယ် ၁၂ နာရီတွင် ပြီးဆုံးခဲ့သည်။
ရခိုင်လူငယ်ဖိုရမ်ကို ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ကျင်းပရန် ရခိုင်လူငယ် အကြိုညှိနှိုင်းအစည်းအဝေးမှ ဆုံးဖြတ်ခဲ့ကြသည်ဟု လေ့လာသိရှိရသည်။







