ပင်လုံတိုင်းရင်းသားလူငယ်များညီလာခံနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ရန်ကုန်တွင်ပြုလုပ်

ပင်လုံတိုင်းရင်းသားလူငယ်များညီလာခံနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ရန်ကုန်တွင်ပြုလုပ်
by -
နိရဥ္စရာ
ပင်လုံတိုင်းရင်းသားလူငယ်များညီလာခံနှင့်ပတ်သက်သော သတင်းစာရှင်းလင်းပွဲတစ်ခုကို သြဂုတ်လ ၁၇ ရက် နေ့လယ်က  ရန်ကုန်မြို့ရှိ Myanmar Journalist Network ရုံးခန်းတွင် ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။

၎င်းသတင်းစာ ရှင်းလင်းပွဲတွင် တိုင်းရင်းသား လူငယ်များ၏ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့် ရည်မှန်းချက် ပန်းတိုင်များကို ရှင်းလင်း ပြောကြားခဲ့ကြသည်။

“ကျနော်တို့ ပင်လုံမှာ လုပ်ခဲ့တဲ့ညီလာခံနဲ့ ပတ်သက်ပြီး လူငယ်ထုသိအောင်၊ ကျနော်တို့ ဘယ်လို ကြိုးစား ပြင်ဆင်ရသလဲ၊ ကျနော်တို့ ဘယ်လောက်ထိအောင်မြင်မှုရခဲ့သလဲ၊ ညီလာခံကြီးကနေ ကျနော်တို့ ဘယ်လို လက်တွဲပြီး ဘာတွေ အကောင်အထည်ဖော်နိုင်ခဲ့သလဲ၊ ရှေ့ဆက်ဘယ်လို အစီအစဉ် ချမှတ်ပြီး လုပ်ဆောင် သွားမလဲ ဆိုတာတွေကို ပြည်တွင်းပြည်ပ လူငယ်ထု သိအောင် ရှင်းပြတာဖြစ်ပါတယ် ” ဟု ဘဏ္ဍာရေးနှင့် ဆက်ဆံရေးတာဝန်ခံ ကိုစိုင်းအောင်မြင့်ဦးက သတင်းစာရှင်းလင်းပွဲ  တွင် ပြောကြားသည်။

ရခိုင်တိုင်းရင်းသား လူငယ် ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုခိုင်လမင်းက “ လူငယ်တွေရဲ့အသံ လူငယ်တွေရဲ့ လိုအပ်ချက်တွေကို မရရင် ရအောင် တတ်နိုင်တဲ့ဖက်က ကြိုးစားဆောင်ရွက်သွားမှာပါ။ အဓိက လုပ်သွားရမှာက လူငယ်တွေရဲ့ တာဝန်ပါ။ မူးယစ်ဆေးဝါးဟာ လူငယ်တွေအတွက် တအား ဆိုးဝါးနေပါတယ်။ ရခိုင်ပြည်မှာ ဆိုရင်လည်း မူးယစ်ဆေးဝါး ပြဿနာဟာ တကယ့်ကို ဆိုးဝါးတဲ့ အနေ အထားကို ရောက်နေပါတယ်။ ဒါကို လူငယ်တွေ အားလုံး အကောင်းဆုံး ဖြစ်အောင် ပူးပေါင်း ဆောင်ရွက် သွားကြရမှာ ဖြစ်ပါတယ်”ဟု နိရဥ္စရာ သတင်းဌာနသို့ ဆိုသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင်ကချင်၊ကရင်၊ကယား၊မွန်၊ရှမ်း၊ကိုးကန့်၊ရခိုင် ၊ပအိုဝ့်စသည့် တိုင်းရင်းသား လူငယ်ကိုယ်စားလှယ် ၁၀ ဦး တက်ရောက် ရှင်းလင်းပြောကြားခဲ့ကြသည်။

သတင်းစာရှင်းလင်းပွဲတွင် ပအိုဝ့်တိုင်းရင်းသား လူငယ်ကိုယ်စားလှယ်တစ်ဦးဖြစ်သည် ကိုခွန်ဦးက “ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေးပြဿနာလို့ ပြောလိုက်ရင် အမျိုးသားတန်းတူရေး၊ ဖက်ဒရယ် ပြည်ထောင်စု အရေး အခြေခံဥပဒေဖြစ်ပါတယ်။ အဲ့ဒီနှစ်ခုအပေါ်မှာ အခြေခံပြီးဖြစ်လာတဲ့ ကိစ္စရပ်တွေ့ကြောင့် ကျွန်တော်တို့ ဒီနေ့ဒီအချိန်အထိ ပြဿနာပေါင်းစုံ ဖြစ်လာတာဖြစ်ပါတယ်”ဟု အခမ်းအနားတွင်ပြောသည်။

ပင်လုံလူငယ်ညီလာခံတွင် အကြံပေးသူအဖြစ်ပါ၀င်ခဲ့သူ ဦးမရန်ဂျော်ဂွန်းကလဲ  “တိုင်းရင်းသား လူမျိုး တစ်မျိုးလို့ ပြောရင် သူတို့မှာရှိရမယ့် ဂုဏ်အင်္ဂါရပ်တွေရှိတယ်။ ဒီဂုဏ်အင်္ဂါရပ်တွေကို ပုံဖော်လာနိုင်ဖို့ အတားအဆီးတွေ အများကြီးက ဒီတိုင်းပြည်မှာရှိနေတယ်။ စနစ်ကြောင့်ဖြစ်နေတဲ့ ကိစ္စရပ်တွေ ဖြစ်နေတယ်။ ဒီစနစ်ကြောင့်ဖြစ်လာတဲ့ ကိစ္စရပ်တွေဖြစ်တဲ့အတွက် ဒီတိုင်းရင်းသား လူငယ်တွေက ဒီစနစ်ကြောင့်ဖြစ်တာတွေကို တိုက်ဖျက်ပြီးတော့ ဘယ်လိုပုံဖော်ရမလဲဆိုတာ ဒီညီလာခံက စတာဖြစ်ပါတယ်။ လူငယ်တွေတင်လာတဲ့ စာတမ်းတွေကို ဖတ်ရတဲ့အခါ တကယ်ခံစားရတယ်။ ဖက်ဒရယ်တွေလို ပြောရင် ဒီအင်္ဂါရပ်တွေကို အကောင်အထည်ဖော်ဖို့ အရေးကြီးတယ်”ဟု ပြောသည်။

၎င်းပင်လုံ တိုင်းရင်းသား လူငယ် ညီလာခံမှ အမျိုးသားတန်းတူရေးနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်ရင်ကြားစေရေး ကော်မတီ၊ တရားဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့်အရေး ကော်မတီ၊ မူးယစ်ဆေးဝါးဆိုင်ရာ တိုက်ဖျက်ရေးကော်မတီ၊ ပြန်လည်နေရာချထားရေး- IDPs/Refugees၊ ပညာရေး၊ ကျန်းမာရေး၊ စာပေနှင့် ယဉ်ကျေးမူကော်မတီ၊ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ ရင်းနှီး မြုပ်နှံမှု ထိန်းသိမ်းကာကွယ်ရေး ကော်မတီ စသည့်လုပ်ငန်းအကောင်အထည်ဖော်မှုကော်မတီ ရ ရပ်ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...