“ ရပ်ထားတာက ၂၀၁၅ ခုနှစ် မတ်လ(၁၃)ရက်က အောင်တံခွန် (၃) သင်္ဘော နစ်မြုပ်တဲ့ အချိန်ကတည်းက ဖြစ်ပါတယ်။ အခုဆိုရင် သင်္ဘောမပြေးဆွဲတာ တနှစ်နဲ့ ခုနှစ်လ ရှိနေပါပြီ။ နွေရာသီမှာ ကုန်တစ်တန်၊ ရေတစ်တန် ဖြစ်သလို သွားလာလို့ ရပေမယ့် မိုးရာသီမှာဆိုရင် သင်္ဘောနဲ့ မဟုတ်ရင် သွားလာဖို့ မလွယ်တဲ့ အတွက် ဒေသခံပြည်သူတွေက ခရီးသွားလာရာမှာ တော်တော့ကို ဒုက္ခ ရောက်နေကြပါတယ်” ဟု ကျောက်ဖြူဒေသခံ ဦးဝင်းရွှေက ပြောသည်။
ယခင်က စစ်တွေမြို့ကို ဗဟိုပြု၍ မြေပုံ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ မာန်အောင်မြို့များသို့ ကမ်းရိုးတန်းသွား သင်္ဘောများဖြင့် ပုံမှန် ပြေးဆွဲခဲ့သော်လည်း အောင်တံခွန်(၃) နစ်မြုပ်ကတည်းက သင်္ဘောများ ကြံ့ခိုင်မှု အားနည်းသည်ဆိုကာ သင်္ဘောများ ပြေးဆွဲမှုကို ရပ်နားထားခဲ့သည်။
၎င်းနောက်ပိုင်းတွင် စစ်တွေ-ကျောက်ဖြူ- ရမ်းဗြဲ-တောင်ကုတ်- မာန်အောင် ခရီးစဉ် အား ပုဂ္ဂလိကပိုင် မလိခ၊ ရွေပြည်တန် စသည့် အမြန် ရေယာဉ်များမှ ပြေးဆွဲပေးနေသော်လည်း ရေယာဉ်ခ ကြီးမြင့်မှုကြောင့် သာမန် ပြည်သူများမှာ မစီးနိုင်ဘဲ ဖြစ်နေကြရသည်ဟု သိရသည်။
“ အမြန်ရေယာဉ်တွေရဲ့ ခရီးစရိတ်ကတော့ အမျိုးမျိုးပါဘဲ။ တောင်ကုတ်နဲ့ စစ်တွေကို မလိခ ၂၃၅၀၀။ ရွှေပြည်တန် ၁၈၅၀၀ ကျပ်၊ စစ်တွေနဲ့မာန်အောင် အကြား ၂၃၅၀၀ ကျပ် ပေးရပါတယ်။ ရေယာဉ်ခ စျေးနှုန်းတွေက အရမ်းစျေးကြီးတော့ သာမန် ပြည်သူတွေက ဘယ်လိုမှ မသွားလာနိုင်ပါဘူး။ ဒေသအတွင်းက စက်လှေတွေလည်း မိုးတွင်းဆိုရင် ပင်လယ်ကို ဖြတ်ပြီး မသွားကြဘူး။ လူတွေကတော့ အတော်ကို ဒုက္ခရောက်နေကြရပါတယ်” ဟု တောင်ကုတ် ဒေသခံ တစ်ဦး ဖြစ်သူ ကိုအောင်နိုင်က ပြောသည်။
ယခင် ပြေးဆွဲခဲ့သော အစိုးရပိုင် သင်္ဘောခ မှာ ခရီးသည် တစ်ဦး အများဆုံး ငါးထောင်၊ အနည်းဆုံး တစ်ထောင်ကျပ်သာ ရှိသဖြင့် ရခိုင်ပြည်နယ်မှ ခရီးသွားပြည်သူများ အတွက် အထူး အဆင်ပြေသွားလာနိုင်ခဲ့သည်ဟု သူက ပြောဆိုသည်။
“ ပုဂ္ဂိက အမြန်ယာဉ်တွေက အစိုးရ သင်္ဘောထက် လုံုခြံုမှု ရှိတယ်။ အချိန်တိကျတယ်။ ဒါပေမယ့် ရေယာဉ်ခ စျေးကြီးတော့ သာမန်လူတွေ မစီးနိုင်ပါဘူး။ ကုန်ပစ္စည်းတွေ တင်တဲ့အခါလည်း စျေးကြီးတဲ့ အတွက် အခက်အခဲတွေတော့ ရှိပါတယ်” ဟု မာန်အောင် ဒသခံ ကိုသန်းတင်က ပြောသည်။
ဒေသခံ ပြည်သူများက သွားလာရေး အခက်အခဲများ ရှိနေသဖြင့် အစိုးရ သင်္ဘောကို ပြန်လည် ပြေးဆွဲရန် လိုလားနေကြသည်ဟု သွားလာရေး အခက်အခဲကျရောက်နေသာ မြေပုံဒေသခံ ကိုအောင်မျိုးက ပြောကြားသည်။
၎င်းအောင်တံခွန်(၃) နစ်မြုပ်ပြီးနောက် ယခင်အစိုးရ လက်ထက်က သယ်ယူပို့ဆောင်ရေး ၀န်ကြီးက ရခိုင်ပြည်နယ်သို့ ရောက်ရှိလာပြီး ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲရန် သင်္ဘောများ တည်ဆောက်ပေးမည်ဖြစ်သလို ဂျပန်မှ ကမ်းရိုးတန်းသွား သင်္ဘောများကို မှာ ယူပေးမည်ဟု ပြောကြားခဲ့သည်။
သို့သော် အစိုးရသာ အပြောင်းအလဲ ဖြစ်သွားခဲ့သည်။ ၎င်းသင်္ဘောများ ရရှိရေးအတွက် တစ်စုံတစ်ရာ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။
သင်္ဘောနစ်မြုပ်၍ တစ်နှစ်ကျော် ကြာပြီးမှ လွန်ခဲ့သော ဇူလိုင်လအတွင်းကမှ ဂျပန်နိုင်ငံက ပညာရှင် အဖွဲ့ တစ်ဖွဲ့ စစ်တွေ၊ ကျောက်ဖြူ၊ မြေပုံနှင့် တောင်ကုတ်၊ မာန်အောင် စသည့် ဒေသများသို့ ရောက်ရှိလာပြီး ဒေသနှင့် ကိုက်ညီမည့် သင်္ဘောများ တည်ဆောက်ရန် ရေကြောင်းအခြေအနေများကို လာရောက် လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးအောင်ကျော်ဇံက “ရခိုင်ဒေသနဲ့ ကိုက်ညီမယ့် သင်္ဘော ၃ စီးကို ဂျပန်နိုင်ငံရဲ့ အကူအညီနဲ့ မြန်မာ့ရေကြောင်း ပို့ဆောင်ရေးဌာနက တည်ဆောက်ပေး သွားမှာပါ။ ဘယ်နေ့မှာ သင်္ဘောတွေ ရမလဲဆိုတာတွေ အတိအကျ မထုတ်ပြန်နိုင်သေးပါဘူး” ဟု များမကြာမီက မီဒီယာများသို့ ပြောဆိုထားသည်။







