မြေသိမ်းခံရ၍ အတိဒုက္ခရောက်နေရသူများ သတင်းသမားများကိုခေါ်ယူ ရှင်းလင်း

မြေသိမ်းခံရ၍ အတိဒုက္ခရောက်နေရသူများ သတင်းသမားများကိုခေါ်ယူ ရှင်းလင်း
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အတွင်း လယ်မြေများ အသိမ်းခံရမှုများကို ရခိုင်ပြည်နယ် လွှတ်တော်တွင် မေးခွန်းများ မေးမြန်းလာပြီး၊ ပြည်နယ်အစိုးရကပါ အရေးယူမှုများ ပြုလုပ်လာသဖြင့် သိမ်းဆည်းခံ လယ်မြေများကြောင့် အတိဒုက္ခရောက်နေကြရသူများက သတင်းသမားများကို ခေါ်ယူပြီး ထုတ်ဖော် ရှင်းပြ လာကြသည်။

သြဂုတ်လ ၁၅ ရက်နေ့က စစ်တွေမြို့နယ် မောင်နီပြင်၊ သင်ပုန်းတန်း၊ ပျားလယ်ချောင်းနှင့် ရေချမ်းပြင် ကျေးရွာများမှ လယ်သမားများ က သူတို့ လယ်မြေများ အသိမ်းခံခဲ့ရပုံနှင့် အတိဒုက္ခရောက်နေကြရပုံများကို သတင်းသမားများသို့ ခေါ်ယူ ရှင်းပြခဲ့ကြသည်။

သင်ပုန်းတန်းကျေးရွာမှ သားနှစ်ယောက်ရှိပြီး အလုပ်အကိုင် အဆင်မပြေဘဲ ဖြစ်နေသည့် ဒေါ်မသန်းခင် (၆၃) နှစ်က သူမတွင် လယ်ဧက ၅ ဒသမ ၆၆ အသိမ်းခံခဲ့ရပြီး၊ ယင်းလယ်သိမ်းခံရပြီးနောက် သူမ၏ လင်ယောကျ်ားဖြစ်သူ ဦးသံပြားသည်  ကြိုးဆွဲချသေဆုံးသွားခဲ့ကြောင်း ပြောကြားသည်။

“ကျွန်မတို့မှာ ရှိတဲ့ လယ်အားလုံးကို သိမ်းတဲ့အပြင် အိမ်ကပါမောင်းထုတ်ခံရပါတယ်။ မြေ  ၅ ဒသမ ၆၆ ဧက အသိမ်းခံခဲ့ရပါတယ်။ အိမ်အတွက် မြေနေရာချထားပေးမှု မရှိတဲ့အပြင် လျော်ကြေးလည်း တစ်ပြား တစ်ချပ်မှ ဒီနေ့ထိ မရသေးပါဘူး။ ကိုယ့်ပိုက်ဆံနဲ့ မြေဝယ်ယူပြီး အိမ်ပြန်ဆောက်ခဲ့ရပါတယ်။ ကျွန်မ ယောကျ်ား ဖြစ်သူ ဦးသံပြားလည်း လယ်အသိမ်းခံပြီး မကြာခင်မှာပဲ ကြိုးဆွဲချသေဆုံးသွားပါတယ်။ နောက်ပိုင်းမှာ  မုန့်တီရောင်းချ စားသောက်ရတဲ့ ဘဝကို ကျရောက်ခဲ့ပြီး  မုန့်တီ ရောင်းတာလည်း အဆင်မပြေတဲ့ အတွက်  အခု အလုပ်လက်မဲ့ဖြစ်နေပါတယ်။ ကျွန်မတို့ဆီက သိမ်းထားတဲ့မြေတွေကို ဘာအဆောက်အဦမှ ဆောက်တာကို မတွေ့ရဘူး။ ခြံခတ်ထားတာကိုသာ တွေ့နေရပါတယ်။ မြေကို ပြန်ရချင်ပါတယ်။ အနည်းဆုံးအဆင့် လျော်ကြေးရရင်လည်း ကျေနပ်ပါတယ် ”ဟု ဒေါ်မသန်းခင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

၄င်းနည်းတူ ပျားလယ်ချောင်းကျေးရွာမှ သားသမီး ၆ ဦးရှိသည့် ဦးဘသန်း (၅၈) နှစ်က ၁၉၉၅ ခုနှစ်တွင် လယ် ၁၁ ဧက အသိမ်းခံခဲ့ရ၍ သားသမီးများကို ကျောင်းမထားနိုင်ဘဲ ဖြစ်ခဲ့ရပုံကို ယခုလို ရှင်းပြ ပြောဆိုသည်။

“၁၉၉၅ ခုနှစ်က လယ် ၁၁ ဧက အသိမ်းခံရပါတယ်။ လယ်အသိမ်းခံရပြီး ငွေကြေးမတတ်နိုင်တော့တဲ့ အတွက် သားသမီးတွေကိုလည်း ကျောင်းမထားနိုင်တော့ဘူး။ ကျွန်တော်က လက်ရှိ အလုပ်လက်မဲ့ပါ။ သားသမီးတွေက ကျပန်းလုပ်စားကြပါတယ်။ ဒီတည့်တည့်မြင်နေရတဲ့ မြေဟာ ကျွန်တော်ရဲ့ မြေပဲ။ ဘာအဆောက်အဦ မှ မဆောက်ထားပါဘူး၊ ခြံစည်းရိုးပဲ ခတ်ထားပါတယ်။ ကိုယ့်မြေကို ကိုယ်ပြန် ရချင်ပါတယ်” ဟု ပြောသည်။

ရေးချမ်းပြင်ကျေးရွာမှ ဦးဦးစံသိန်း (၅၂) နှစ်တွင်လည်း လယ်ဧက ၁၀ ကျော်အသိမ်းခံထားရပြီး ယင်းလယ်များကို ထွန်ယက်ရန် ဘင်္ဂလီများကို သီးစားချထားကြောင်း ဆိုသည်။

“လယ်ဧက ၁၀ ကျော်အသိမ်းခံထားရပါတယ်။ ကျွန်တော်ရဲ့လယ်ကို သူတို့က ဘင်္ဂလီတွေကို သီးစား ချထားတာကို တွေ့နေရပါတယ်။ ကိုယ့်လယ်ကို ကိုယ်ငှားပြီး မထွန်ယက်ချင်ဘူး။ ဌာနဆိုင် ရာတွေကို တိုင်ကြားခဲ့ပေမယ့် တစ်ခါမှ ကွင်းဆင်းစစ်ဆေးတာကို မတွေ့ခဲ့ရဘူး။ သားသမီး ၅ ယောက်ရှိပြီး  လယ်လည်း မရှိတော့ ဘာမှ မလုပ်တတ်တာနဲ့ ကျပန်းလုပ်စား နေကြရပါတယ်”ဟု  ပြောသည်။

လယ်သမားများထံမှ လယ်ဧက တစ်ထောင်ကျော်ကို တပ်မတော် တပ်ရင်းများက ၁၉၉၄-၉၅ ခုနှစ်က သိမ်ယူထားပြီး ယနေ့အချိန်ထိ လျောက်ကြေးငွေ တစ်ပြားတစ်ချပ်မျှ မပေးသေးကြောင်း၊ အသိမ်း ခံထားရသော လယ်မြေများမှာ မောင်နီပြင် ကျေးရွာတွင် ၉၀၈ ဧက၊ သင်ပုန်းတန်းကျေးရွာတွင် လယ်သမား ၁၉ ဦးထံမှ ဧက ၂၄၀ခန့်၊ အလယ်ချောင်းကျေးရွာတွင် လယ်သမား ၁၆ ဦးထံမှ ဧက ၁၃၀ ခန့်နှင့် ရေချမ်းပြင်ကျေးရွာတွင် လယ်သမား ၂၀ ဦးထံမှ ဧက ၁၀၀ ခန့်ရှိကြောင်း သြဂုတ် ၁၆ ရက်နေ့ နေ့လယ်က လယ်သမားများနှင့် တွေ့ဆုံစဉ် လယ်သမားများက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

၎င်းလယ်မြေများကို သိမ်းယူထားသော တပ်ရင်းများတွင် ခလရ ၂၇၀၊ ၃၇၃ အမြှောက်တပ်ရင်း၊ ဆေးတပ်ရင်းနှင့် အမှတ် ၂၈၂ ပိ့ုဆောင်ရေးနှင့်ထောက်ပံ့ရေးတပ်ရင်းတို့ပါ၀င်ကြောင်း သိရသည်။

ယင်းမြေများအားလုံးကို ခြံခတ် ထားသော်လည်း အဆောက်အဦအနည်းငယ်သာ ဆောက်လုပ်ထားပြီး ကျန်မြေများမှာ မြေကွက်လပ်များဖြစ်နေကြောင်း လယ်သမားများက ပြောသည်။

ယင်းအပြင် မောင်နီပြင်ကျေးရွာတွင် ကုတင် ၃၀၀ ဆန့် ဆေးရုံဆောက်လုပ်ရန် သိမ်းယူထားသော မြေယာများကိုလည်း ဆေးရုံမဆောက်ဘဲ မြေလွတ်အဖြစ်သာ ထားရှိကြောင်း လယ်သမားများက ရှင်းပြသည်။

လယ်သမားများနှင့် ရခိုင်မှ သတင်းသမားများသည် ပျားလယ်ချောင်းကျေးရွာတွင် သြဂုတ်လ ၁၅ ရက်နေ့က တွေ့ဆုံခဲ့ပြီး ၎င်းတွေ့ဆုံပွဲသို့ ဒေသခံ လယ်သမား ၂၀ ဦးခန့်တက်ရောက်ပြီး သူတို့၏ အခက်အခဲများကို ရှင်းလင်း တင်ပြခဲ့ကြသည်။

Most read this week

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...