အခမ်းအနားတွင် တောင်ကုတ်နွယ်ဖွား ရန်ကုန်တွင် သီတင်းသုံးနေသော ကျောင်းထိုင် ဆရာတော် အပါး (၆၀) ကျော်အား ဝါဆိုသင်္ကန်း ကပ်လှူ ပူဇော်ခဲ့ကြပြီး အသက် (၈၀) နှစ်အထက် သက်ကြီး ရွယ်အို ၃၁ ဦးကို ကန်တော့ခံပစ္စည်းများနှင့် အတူ ကန်တော့ခဲ့ကြသည်ဟု သိရသည်။
“ကျွန်တော်တို့ကတော့ နှစ်စဉ်နှစ်တိုင်း ကျင်းပနေကျပေါ့နော်။ တောင်ကုတ် နွယ်ဖွား ရန်ကုန်ရောက် ကျောင်းထိုင် ဆရာတော် အပါး (၆၀) ကျော် ကိုပူဇော်ကန့်တော့တယ်။ သက်ကြီးပူဇော် တာက ဒီနှစ် ဖိတ်ကြားထားတာက ဘိုးဘွား ၉၀ ကျော်ပါ။ ဒါပေမယ့် အနေအထားအရ ၃၁ ဦးသာတက်ရောက်ဖြစ်တယ်။ ကျန်ရှိတဲ့ ဘိုးဘွားတွေကို သွားရောက် ကန်တော့မှာပါ” ဟု တောင်ကုတ်မြို့နယ် အသင်း ဥက္ကဋ္ဌ ဦးထွန်းသိန်း မှ နိရဥ္စရာသို့ ပြောသည်။
၎င်းပြင် တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသည့် ၆ ဘာသာ ဂုဏ်ထူးရှင် ၂ ဦး၊ ၅ ဘာသာ ဂုဏ်ထူးရှင် ၄ ဦး အပါအဝင် ကျောင်းသား ကျောင်းသူ ၂၀ ကျော်ကိုလည်း ဆုငွေများ ပေးအပ်ခဲ့ကြောင်း၊ တောင်ကုတ်မြို့နယ်အသင်း သံဃာတော် နာယက အသင်းမှလည်း ၎င်းကျောင်းသား ကျောင်းသူများကို ဆုငွေများ ဆက်လက် ချီးမြှင့် ပေးအပ်ခဲ့ကြောင်း ဥက္ကဋ္ဌ ဦးထွန်းသိန်းမှ ဆက်ပြောသည်။
တောင်ကုတ်မြို့နယ်အသင်း (ရန်ကုန်)ကို ၁၉၈၄ ခုနှစ် ဒီဇင်ဘာ(၁၈) ရက်နေ့တွင်စတင်တည်ထောင်ခဲ့ပြီး အသင်းဝင် အဖြစ် လျှောက်ထားလိုပါက အမှတ်(၃၁) /ပထမထပ်/နိဓြောလမ်း/ကျောက်မြောင်း၊ ဖုန်းနံပါတ ်ဝ၉-၅၀၀၉၁၅၇/၀၁-၅၈၁၄၄၇ သို့ ဆက်သွယ် အသင်းဝင်ရောက်နိုင်ကြောင်း သိရသည်။

အသင်းရည်ရွယ်ချက်နှင့် ပတ်သတ်ပြီး နာယကဖြစ်သူ ဦးကျန်ထွန်းမှ ယခုလို ရှင်းပြပြောဆိုသည်။
“ ကျွန်တော်တို့ အသင်းဟာ တောင်ကုတ်မြို့နဲ့ ပတ်သက်တဲ့ အကြောင်းကိစ္စတွေကို တတ်အားသလောက် ကူညီ လုပ်ကိုင်နေတယ်။ ဘာကြောင့်လဲဆိုတော့ သာရေးနာရေး၊ ပညာရေးသာမက ကျန်းမာရေးကြောင့် ရန်ကုန်မြို့ကို ရောက်လာ ကြတဲ့ သူတွေကို ကူညီပံ့ပိုးရတယ်၊ အားတက်သရော လုပ်ဆောင် နေကြ ပါတယ်။ဒါကြောင့်ဒီ အသင်းဟာ မရှိမဖြစ် လိုအပ်ပါတယ်” ဟု ပြောသည်။
ယခုပြုလုပ်ကျင်းပခဲ့သော အခမ်းအနားသို့ တောင်ကုတ်နွယ််ဖွား အသင်းသူ အသင်းသား ၃၀၀ ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။







