သြဂုတ်လ ၁၄ ရက်နေ့ နေ့လယ်က ရခိုင်ပြည်နယ် စစ်တွေမြို့ ဂြစ်ဘက်ဘုန်းတော် ကြီးကျောင်း ဓမ္မာရုံတွင် သာဂီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှု မြင့်တင်ရေးအဖွဲ့က ကြီးမှူးကျင်းပခဲ့သော ၂၆ နှစ်မြောက် ဆရာကြီး ကွယ်လွန်ခြင်း ၀မ်းနည်း အောက်မေ့ အထိမ်းအမှတ်နေ့ အခမ်းအနား ကျင်းပစဉ် ထိုကဲ့သို့ ဟောပြောခဲ့ကြခြင်း ဖြစ်သည်။
ဆရာကြီး ဦးဦးသာထွန်းသည် ရခိုင်ပြည်နှင့် ရခိုင်လူမျိုးတို့အတွက် နေမင်း လမင်းသဖွယ် တင့်တယ်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး အစားထိုး၍ မရနိုင်သူ တစ်ဦးဖြစ်ကြောင်း သာဂီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှု မြှင့်တင်ရေး အဖွဲ့၏ နာယကတစ်ဦးဖြစ်သူ ဦးမောင်သိန်းထွန်းက ပြောကြားခဲ့သည်။

“ဆရာကြီး ဦးဦးသာထွန်းဟာဆိုရင် ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးတို့အတွက် နေမင်း လမင်းသဖွယ် တင့်တယ်တဲ့ ပုဂ္ဂိုလ် တစ်ယောက်ဖြစ်ပြီးတော့ ဆရာကြီးဆုံးရှုံးရခြင်းဟာ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးတို့အတွက် အစားထိုးမရနိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဆရာကြီးသာ သမိုင်းနဲ့ နိုင်ငံရေးလမ်းကြောင်းတွေကို ဖေါ်ထုတ် ဟောပြော လမ်းညွှန် မပြသခဲ့ဘူးဆိုရင် ရခိုင်လူမျိုးတွေဟာ စမ်းတဝါးဝါးနဲ့ လျှောက်နေရမှာပါ။ ဆရာကြီးဟာ အလွန်တရာမှ ကျေးဇူးတရားကြီးမားပြီးတော့ ဆရာကြီး မှာကြားခဲ့တဲ့ စကားတွေကို နောင်မျိုးဆက်တွေ မမေ့သင့်ဘူး” ဟု ဦးမောင်သိန်းထွန်းက ပြောကြားခဲ့သည်။
ဆရာကြီးသည် ရခိုင်လူမျိုးတို့ဘဝကို မျက်စိဖွင့် နားဖွင့်ပေးခဲ့သူဖြစ်သောကြောင့် ယခုကဲ့သို့ အခမ်းအနားငယ်များပြုလုပ်၍ ကျေနပ်နှစ်သိမ့်နေ၍ မရကြောင်း၊ ဆရာကြီးကို ဂုဏ်ပြုသည့်အနေဖြင့် ကြီးကျယ်ခမ်းနားသော အခမ်းအနားများကို ပိုမိုကျယ်ပြန့်အောင် တစ်မြို့လုံး၊ တစ်ပြည်လုံး ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်ရမည်ဖြစ်ကြောင်း သူက ဆက်လက်ပြောကြားသွားသည်။
ရခိုင်စည်နှင့် ရခိုင်ကကွက်များကို ရခိုင်တစ်ပြည်နယ်လုံးသာမက ရခိုင်တို့ ရောက်လေရာနေရာတို့တွင် တီးခတ် ကပြနိုင်ခြင်းမှာ ဆရာကြီး၏ ဖော်ထုတ်ပြသ သင်ကြားပေးခဲ့သည့် ကျေးဇူးတရားကြောင့် ဖြစ်ကြောင်း သာကီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှု မြှင့်တင်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်ဇံမောင်က ပြောသည်။
“ဆရာကြီးဟာ သမိုင်းနဲ့ ကျောက်စာတွေကိုသာ ဖေါ်ထုတ်တင်ပြခဲ့တဲ့သူမဟုတ်ပါဘူး။ ရခိုင့်ဂီတ အနုပညာတွေ ကိုလည်း ကျောက်ဆစ်လက်ရာတွေကို ကြည့်ပြီးတော့ ကျွန်တော်တို့ကို သင်ကြား ပြသခဲ့ပါတယ်။ ဆရာကြီးရဲ့ သင်ကြားမှုကြောင့် စိုင်းဒြားစည်အဖွဲ့ဟာ ရခိုင်စည်တီးခတ်တာတွေကို ရခိုင်တစ်ပြည်လုံးသာမက ရခိုင်တွေရှိတဲ့ နေရာဒေသအသီးသီးမှာ တီးခတ်နိုင်အောင် သင်ကြားပြသနိုင်ခဲ့ပါတယ်။ မန္တလေးမှာရှိတဲ့ မဟာမြတ်မုနိဘုရားကိုလည်း ရခိုင်စည်တီးပြီးတော့ ပူဇော်နိုင်ခဲ့ပါတယ်။ ရခိုင်ကကွက်တွေဟာ တြိဘင်္ဂကကွက်တွေဖြစ်ပြီးတော့ ကပြနိုင်အောင် သင်ကြားခဲ့ပါတယ်။ တိုက်စည်တီးတတ်အောင် သင်ကြားပြသ ခဲ့တာတွေကိုလည်း မမေ့အပ်ပါ”ဟု ဆရာကြီး ဦးကျော်ဇံမောင်က ပြောသည်။
ဆရာကြီးဦးဦးသာထွန်းသည် ရခိုင်ရာဇဝင်ကို သိရုံဖတ်ရုံသက်သက်ဖြင့် ကျေနပ်နေသူမဟုတ်ဘဲ သမိုင်းကို သုတေသနပြုကာ ကမ္ဘာ့သမိုင်းနှင့် ယှဉ်ထိုးလေ့လာခဲ့သည်ဟု သိရသည်။
ရခိုင်သမိုင်းသုတေသီ ဆရာကြီး ဦးမောင်ဗသိန်းက “ဆရာကြီး ဦးဦးသာထွန်းဟာ ရခိုင်ရာဇဝင်ကို သိရုံ ဖတ်ရုံ သက်သက်နဲ့ ကျေနပ်နေသူမဟုတ်ဘူး။ ရခိုင်သမိုင်းကို သုတေသနပြုပြီး ကမ္ဘာ့သမိုင်းဖြစ်ရပ်များနဲ့ ယှဉ်ထိုးလေ့လာခဲ့တယ်။ ဆရာကြီးဟာ ရခိုင်လူမျိုးတို့ အနေနဲ့ ရခိုင်သမိုင်းနဲ့ ယဉ်ကျေးမှုများကို ရခိုင် လူမျိုးတွေ တန်ဖိုးထားတတ်အောင် သင်ကြားပြီး သမိုင်းသစ်ကို ရေးနိုင်အောင် သုတေသန ပြုလုပ်ကြဖို့ မှာကြားခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆရာကြီးထားခဲ့တဲ့ အမွေအနှစ်တွေကို ထိုင်စား နေကြရုံနဲ့ ကျေနပ်မနေကြဘဲ ကျန်ရှိနေသေးတဲ့ သမိုင်းတွေကို ၀ိုင်းဝန်းဖေါ်ထုတ်ပေးကြဖို့ မှာကြားလိုပါတယ်”ဟု ပြောသည်။
ရခိုင်သမိုင်းနှင့် ရခိုင်ယဉ်ကျေးမှုဝါးမျိုးခံရပြီး ရခိုင်လူမျိုးတို့တိမ်ကောလုနီးပါးဖြစ်နေသည့်အချိန်တွင် ဆရာကြီးဦးဦးသာထွန်းသည် ရခိုင်သမိုင်း၊ ဗိသုကာပညာ၊ ယဉ်ကျေးမှု၊ ဂီတများကို ဖေါ်ထုတ်ပြီး ရခိုင်သည် ကိုယ်ပိုင်သမိုင်း၊ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် သီးခြားပထဝီအနေအထားရှိသည့် လူမျိုးတစ်မျိုးဖြစ်ကြောင်းကို ကမ္ဘာသိအောင် ဖေါ်ထုတ်ပြသခဲ့သူလည်းဖြစ်သည်။
ဆရာကြီးသည် ၁၉၉၀ ခုရွေးကောက်ပွဲတွင် မြန်မာနိုင်ငံ၌ တတိယအများဆုံးအနိုင်ရခဲ့သည် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၏ နာယကတစ်ဦးဖြစ်ပြီး ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးမှု ပြုလုပ်နေစဉ် အဖမ်းခံရပြီး စစ်တွေအကျဉ်းထောင်ထဲတွင် ၁၉၉၀ ခု သြဂုတ်လ ၁၄ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။
ဆရာကြီးဦးသာထွန်းကို ရခိုင်ပြည်နယ် မြောက်ဦးမြို့ ညောင်ပင်စျေးရပ်နေ အဘ ဦးကောင်းစံရွှီ၊ အမိ ဒေါ်အောင်ကြွဇံတို့မှ ၁၉၁၇ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ ရခိုင်ပညာရှိ မဟာပညာကျော် မျိုးရိုးမှ ဆင်းသက်လာသူဖြစ်ကြောင်း လေ့လာသိရှိရသည်။
အခမ်းအနားကို နေ့လယ် ၁ နာရီခွဲတွင် စတင်ပြီး ညနေ ၄ နာရီခန့်ထိ ကျင်းပခဲ့ပြီး အခမ်းအနားတွင် ဆရာကြီးအား ဆီမီးထွန်းညှိပူဇော်ခြင်း၊ တစ်မိနစ် ငြိမ်သက် ဂါရဝပြုခြင်းများကို ပြုလုပ်ခဲ့ကြသည်။ အခမ်းအနားသို့ ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်များ၊ သမိုင်းသုတေသီများ၊ စာရေဆရာများ၊ မျိုးဆက်သစ် လူငယ်များအပါအဝင် စုစုပေါင်း ၁၀၀ နီးပါး ခန့်တက်ရောက်ခဲ့ကြသည်။







