သြဂုတ် ၁၃ ဆန်ပြဿနာနေ့နှင့် သူတို့အမြင်များ

သြဂုတ် ၁၃ ဆန်ပြဿနာနေ့နှင့် သူတို့အမြင်များ
by -
နိရဥ္စရာ
၁၉၆၇ နှစ်ခု သြဂုတ်လ ၁၃ ရက်နေ့သည် (၄၉) နှစ်မြောက် စစ်တွေ ဆန်ပြဿနာ အရေးအခင်း အောက်မေ့ဖွယ်နေ့ ဖြစ်ပါသည်။

(၄၉) နှစ်မြောက် စစ်တွေ ဆန်ပြဿနာနေ့ အထိမ်းအမှတ် အခမ်းအနား ကို ရခိုင်ပြည်နယ် စစ်တွေမြို့ ဂြစ်ဖ ကျောင်းတွင် ယနေ့ နံနက် ရ နာရီက စစ်တွေမြို့အခြေစိုက် ရခိုင်လူမှုအဖွဲ့အစည်း တစ်ချို့ စုပေါင်း၍ ပြုလုပ်ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် ရခိုင် ခေါင်းဆောင်အချို့မှ ၁၃ သြဂုတ် အရေးအခင်းနှင့် ပတ်သက်ပြီး သူတို့၏ အမြင်များကို ယခုလို ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

ဆရာကြီး ဦးမောင်ဗသိန်း

“ကျွန်တော်က ဆန်ပြဿနာ အရေးအခင်း ဖြစ်တဲ့အချိန်မှာ စစ်တွေမြို့မှာ မရှိခဲ့ပါဘူး။ အမေပြောပြလို့ သိခွင့်ရခဲ့ပါတယ်။ အမေက လူသေ အလောင်းတွေကို လော်ရီကားနဲ့ တင်ယူသွားတာကို မြင်တွေ့ လိုက်တယ်လို့ ပြောပြပါတယ်။ ဒီလိုမျိုးဖြစ်ရတာဟာ ခေါင်းဆောင်မှု အားနည်းချက်ကြောင့်လို့ အရေးအခင်းမှာ ဦးဆောင်ပါ၀င်သူတစ်ဦးက ပြောပြဖူးပါတယ်။ ၁၇၈၄ ခုနှစ်က ရခိုင်ထီးနန်း ကျရ တာဟာလည်း ခေါင်းဆောင် အချင်းချင်း မညီညွတ်လို့ ဖြစ်ရတာပဲ။ အဲ့ဒါကို ကျွန်တော်တို့ ရခိုင်တွေ သင်ခန်းစာယူတတ်ရမယ်။ ဘာအလုပ်ပဲလုပ်လုပ် ခေါင်းဆောင်တွေက စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ စီမံချက်တွေချမှတ်ပြီးတော့ နည်းလမ်းမှန်ကန်စွာနဲ့ အကောင်အထည် ဖေါ်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။”

ဆရာဦးစိန်စောလှ

“ကျွန်တော်တို့ ဆန်ပြဿနာဟာ အစတုန်းကတော့ လူမှုရေးပြဿနာပဲ။ ဒါပေမယ့် လုပ်ရင်းနဲ့ နိုင်ငံရေးဘက်ကို ရောက်သွားတယ်။ ရခိုင်ပြည်လွတ်ရေးအတွက် တောင်းဆိုမှုတွေပါ ရောပါလာတယ်။ သြဂုတ်လ ၁၂ ရက်နေ့မှာ ဗိုလ်ချုပ်စောဖြူဦးဆောင်တဲ့ တံခါးပိတ်အစည်းအဝေးကနေပြီးတော့ (၁၄၄) ထုတ်ပြီး အမိန့်ကို ဖီဆန်ရင် ပစ်သတ်ဖို့ အမိန့်ထုတ်ထားတယ်ဆိုတာကို ဗိုလ်ကြီးထွန်းဝေက ကျွန်တော် တို့ကို ပြောပြပြီးတော့ ဆန္ဒပြပွဲမဖြစ်အောင် တားမြစ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ကျွန်တော်တို့က ဆန္ဒပြပွဲ မဖြစ်အောင် လူအုပ်ကြီးကို တားပေမယ့် လူသောင်းချီရှိတဲ့ လူအုပ်ကြီးကို တားမရတဲ့အဆုံး ကိုယ်တိုင် ဦးဆောင် ပါ၀င်ခဲ့ရပါတယ်။ ခေါင်းဆောင်မှု အားနည်းလို့ ဖြစ်ရတဲ့ဖြစ်ရပ်ဆိုတာကို ကျွန်တော် လက်ခံပါတယ်။ နောက်ဆုံးအခြေအနေမှာ လူအုပ်ကြီး မြဆန်စက်ရှေ့ကို ရောက်လာတယ်။ တပ်မတော်ဘက်က ပြောကြားတဲ့ အတိုင်း လုပ်ဆောင်ခဲ့တယ်။ ဦးဆောင်သူအပါအဝင် လူ ၃၀၀ ခန့် သံဆူးကြိုးကို ဖြတ်ကျော်ပြီးမှ သွေးအေးအေးနဲ့ အကွက်ချ ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပါတယ်။ အရေးအခင်းမှာ  လူပေါင်း ၂၉၇ ဦး သေဆုံးခဲ့ရတယ်လို့ သိရှိခဲ့ရပါတယ်။ ”

ဦးအေးကျော်

“စစ်တွေ ဆန်ပြဿနာနဲ့ ပတ်သက်လို့ လူတွေသိရှိထားတာ ၁၃ ရက်နေ့မှာ ဖြစ်ပျက်ခဲ့တာတွေကို သိရှိကြတာလောက်ပဲ သိကြတာများပါတယ်။ ဒီအရေးအခင်းကို ဘယ်လို စခဲ့ကြတာလဲဆိုတာကို မသိခဲ့ကြပါဘူး။ ရခိုင်ပြည်နယ်မှာ ဧပြီလ၊မေလ ကတည်းက ဆန်ရှားတော့ လူထုတွေ အခက်အခဲနဲ့ ရင်ဆိုင် ကြရပါတယ်။ ကျွန်တော်တို့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ တိုးတက်သော လူငယ်အစည်းအရုံးကနေပြီးတော့ ဘားဘူရှိယင့် ဆန်ရှိယင့်၊ ဒိုင်ကျီရှိယင့် ရီရှိယင့် ခေါင်းစဉ်နဲ့ အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ထားတဲ့ စာရွက်စာတမ်းတွေကို လူထုတွေဆီကို ဇွန်လလောက်ကတည်းက ဖြန့်ဝေ ခဲ့ကြပါတယ်။ အဲ့ဒါ ၁၃ သြဂုတ်အတွက် အစပျိုးခဲ့တာဖြစ်ပါတယ်”ဟု ဦးအေးကျော်က ဖြစ်ရပ်မှန်ကို ချပြခဲ့သည်။

ဦးအေးကျော်မှာ ဦးဆောင်သူ ရ ဦးခန့်ထဲတွင် ပါ၀င်ခဲ့ပြီး ဦးအောင်သာကျော်၊ ဦးစံရွှေကျော်နှင့် ဦးမောင်ရွှေဝင်းတို့ နှင့် အတူ ဖမ်းဆီး ထောင်ချခံခဲ့ရပြီး ရခိုင်ပြည်နယ် ဆန်ပြဿနာ ဖြစ်ပွားချိန်တွင် ထောင်ထဲတွင် ရောက်ရှိနေကြ၍ အရေးအခင်းထဲတွင် မပါ၀င်နိုင်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။

ဒေါ်ညိုအေး (ယခုနှစ် သြဂုတ် ၁၃ ကျင်းပရေးကော်မတီအဖွဲ့ဝင်)

“ရခိုင်ပြည် ဆန်ပြဿနာအရေးအခင်းတုန်းက ကျွန်မဟာ ၁၃ နှစ်အရွယ် ရ တန်းကျောင်းသူဖြစ်ပါတယ်။ ပြုတ်ဆန်မစား ရခိုင်သား၊ ဆန်ခွဲမစားရခိုင်သား ဆိုတာတွေကို ကျွန်မကိုယ်တိုင် ကြွေးကြော်ပြီးတော့ အရေးအခင်မှာ ပါ၀င်ခဲ့ပါတယ်။ ပစ်ခတ်သတ်ဖြတ်တာတွေကို ကျွန်မမျက်စိနဲ့ တွေ့မြင်ခဲ့ရပါတယ်။ အဲဒီအရေးအခင်းက ဒီနေ့ ကျွန်မ လုပ်နေတဲ့ အလုပ်တွေ လုပ်ဖြစ်အောင် ထွန်းပို့ ပေးလိုက်ပါတယ်။”

ခိုင်ဆန်းအောင် (၈၈  ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ခေါင်းဆောင်)

“ဒီနေ့က ကျွန်တော်တို့ ၄၉ နှစ်မြောက် ရခိုင်ပြည် ဆနပြဿနာအရေးအခင်း ၀မ်းနည်းအောက်မေ့ သတိရခြင်း အခမ်းအနားဖြစ်ပါတယ်။ ကျွန်တော်တို့  လွန်ခဲ့တဲ့ ၄၉ နှစ်က ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဆန်ရှားပါးတဲ့အခါမှာ အစိုးရဆီက ငြိမ်းချမ်းစွာနဲ့ ဆန်ကိုသွားတောင်းကြတဲ့အခါ ဆန်မပေးဘဲ ကျည်ဆံ ပေးလိုက်တဲ့အတွက် လူပေါင်းရာချီ သေဆုံးခဲ့ရတဲ့အတွက်ကြောင့် အဲ့ဒီနေ့ကို ယနေ့ထိ အမှတ်ရ သတိရပြီးတော့ နေကြသလို နောင်လာနောက်သားတွေလည်း ဒီနေ့ဒီရက်ကို သတိရကြဖို့အတွက် ရခိုင်သူ ရခိုင်သားတွေကို တပ်လှန်နှိုးဆော်တဲ့ အနေနဲ့ ပြုလုပ်ရခြင်းဖြစ်ပါတယ်။”

အခမ်းအနားကို နံနက် ရ နာရီခန့်က စတင်ပြီး ၉ နာရီကျော်တွင် ပြီးဆုံးခဲ့သည်။

Most read this week

ဓာတ်ပုံ- Rakhine Thahaya Yangon Page
April 11, 2024
ရန်ကုန်မှ နေရပ်မပြန်နိုင်ကြသော ရခိုင် တက္ကသိုလ်ကျောင်းသားများအား ရခိုင်သဟာယအသင်းက...
April 9, 2024
စွမ်းအင်ကုမ္ပဏီ Chevron သည်မြန်မာနိုင်ငံရှိ ရတနာ သဘာဝဓာတ်ငွေ့တွင်းမှ ထွက်ခွာသွား...