စစ်တွေတက္ကသိုလ် မေဂျာပေါင်းစုံ ပဒေသာကပွဲပြုလုပ်

စစ်တွေတက္ကသိုလ် မေဂျာပေါင်းစုံ ပဒေသာကပွဲပြုလုပ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ် မေဂျာပေါင်းစုံ ပဒေသာကပွဲကို  သြဂုတ်လ ၁၂ ရက် ယနေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

စစ်တွေ တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် ပြုလုပ်သော ယင်းပဒေသာကပွဲသို့ ကျောင်းသား ကျောင်းသူများ အပါအဝင် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ၊ ဒကစမှူး၊ တက္ကသိုလ်ပါမောက္ခချုပ်၊ တက္ကသိုလ်ဆရာ ဆရာမ များ စုစုပေါင်း ၄ ထောင်ခန့် တက်ရောက်ခဲ့ကြသည်။

စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်မှ အဖွင့်မိန့်ခွန်းစကား ပြောကြားရာတွင်  “အခု ပြုလုပ်တဲ့ ပဒေသာ ကပွဲဟာ စစ်တွေတက္ကသိုလ်ရဲ့ ဒုတိယအကြိမ်မြောက် ပဒေသာကပွဲဖြစ်ပါတယ်။ ကျောင်းသားတွေဆိုတာ စာတတ်ရုံနဲ့ မပြီးဘူး။ ဗလ ၅ တန်ဖွံ့ဖြိုးဖို့ လိုအပ်ပါတယ်။

ဒီလိုမျိုးပဒေသာကပွဲ ပြုလုပ်ပေးတယ်ဆိုတာ ပျော်ပွဲရွှင်ပွဲ သက်သက်အတွက် မဟုတ်ပါဘူး။ ကျောင်းသား ကျောင်းသူ အချင်းချင်း၊ မေဂျာအချင်းချင်း ချစ်ခင် စည်းလုံးမှုရှိဖို့နဲ့ စည်းကမ်းရှိဖို့ အတွက်ဖြစ်ပါတယ်” ဟု ပါမောက္ခချုပ်က ပြောကြားသွားသည်။

Sitwe univesity 4

နိုင်ငံ တစ်နိုင်ငံ တိုးတက်ရန် စည်းကမ်းရှိဖို့ လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံသားများသည် စည်းကမ်းလိုက်နာမှုအားနည်းကြောင်း ယင်းသို့ စည်းကမ်းလိုက်နာမှု အားနည်းကြောင်းကို အခြား နိုင်ငံသို့ သွားလည်သည့်အခါ သိရှိရကြောင်း ပြောကြားခဲ့သည်။

ယနေ့ပြုလုပ်သော ပဒေသကပွဲတွင် ရခိုင်ရိုးရာအကများကို အဓိက ဦးစားပေးကပြ ခဲ့သည်ကို တွေ့ရှိရသည်။

ယနေ့ကပြခဲ့သော အကများထဲမှ ပရိသတ်ကို အထူးဆွဲဆောင်ခဲ့သော ရခိုင်ရိုးရာအကများမှာ တုတ်သိုင်းအက၊ ကျင်အကနှင့် ပြိုင်လောင်းယိမ်းအကများဖြစ်ပြီး၊ ရခိုင်သင်္ကြန်ယိမ်း၊ ထွန်းကားခလီ ဝေသာလီ၊ ရခိုင်ခေတ်လေးခေတ်အကနှင့် ပိုးဝါအကတို့ကိုလည်း ထည့်သွင်းကပြခဲ့သည်။

တုတ်သိုင်းအက၊ ကျင်အကနှင့် ပြိုင်လောင်းယိမ်းအကများကို ဖေါ်ထုတ်ကပြခဲ့သူ စိုင်းဒြားစည်တော်ဝိုင်းမှ ခေါင်းဆောင်ဖြစ်သူ ဦးကျော်ဇံမောင်က ရခိုင်ရိုးရာ အကများကို တင်ဆက်ကပြခွင့်ပြုသည့်အတွက် တက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများကို အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

တုတ်သိုင်းအကတွင် ၀င်ရောက်ကပြခဲ့သူ တက္ကသိုလ်ကျောင်းသားတစ်ဦးကလည်း ယင်းသို့ကပြခွင့်ရသည်ကို ဂုဏ်ယူကြောင်း နိရဥ္စရာသတင်းဌာနသို့ ပြောကြားခဲ့သည်။

“စိတ်ထဲမှာ ဘယ်လိုခံစားရလဲဆိုတော့ ရခိုင်ရိုးရာအကတွေကို မျိုးဆက်သစ်တွေအနေနဲ့ ဖေါ်ထုတ်ဖို့ တာဝန်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ကိုယ့်တို့ရဲ့ တက္ကသိုလ်မှာ လုပ်တဲ့အခါမှာ ရခိုင်တုတ်သိုင်းအကကို ၀င်ပြီးတော့ အားဖြည့်ပေးတာပါ။ အဲ့ဒီလိုမျိုးကခွင့်ရတာ ရခိုင်သားဖြစ်ရတာ ဂုဏ်ယူပါတယ်။ ဒီလိုမျိုးကပြခဲ့တဲ့အပေါ်မှာလည်း ကျေနပ်ရအားပါတယ်”ဟု ရုက္ခဗေဒ ဒုတိယနှစ်ကျောင်းသား မောင်သျှိုင်းလင်းထွန်းက ပြောသည်။

တုတ်သိုင်းကကွက်ကို ဒကစမှူးမှ သဘောကျ၍ ထပ်မံကပြခိုင်းပြီး တိုင်းရင်းသား Channel တွင် ထုတ်လွှင့်ပြသနိုင်ရန် မှတ်တမ်းတင် ရိုက်ကူးခဲ့သည်ဟု သိရသည်။

ပဒေသာကပွဲတွင် အကများအပြင် ကျောင်းသူကျောင်းသားများနှင့် ရခိုင်အဆိုတော် ညှာစိမ်းခိုင်တို့က တေးသီချင်းများနှင့် ဖျော်ဖြေခဲ့ကြသည်။

ယင်းအပြင် မေဂျာပေါင်းစုံ အလှဘုရင်နှင့် အလှဘုရင်မ ရွေးချယ်ပွဲတစ်ခုကိုလည်း ပြုလုပ်ခဲ့သည်။

အလှဘုရင်ဆုကို ဥပဒေဒုတိယနှစ်ကျောင်းသား မောင်လင်းသန့်ဇော်က ရရှိခဲ့ပြီး၊ အလှဘုရင်မဆုကို သတ္တဗေဒမှ မမြတ်ရွှေစိုးက ရရှိခဲ့သည်။ အလှဘုရင်နှင့် အလှဘုရင်မရွေးချယ်ပွဲတွင် ကျောင်းသား ကျောင်းသူ ၁၁ တစ်ဦးကျစီ ပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည်။

အခမ်းအနားကို နံနက် ၉ နာရီတွင် စတင်ပြီး ည ၈ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။

တက္ကသိုလ်ပဒေသာကပွဲများကို ၄ နှစ်တစ်ကြိမ်ပြုလုပ်ပြီး ယခုအကြိမ်သည် စစ်တွေတက္ကသိုလ်၏ ဒုတိယအကြိမ်မြောက်ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။

Most read this week

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...