များမကြာမီက ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များရှိ စစ်ဘေးရှောင် ဒုက္ခသည်များသို့ ရိက္ခာ အကူအညီများ သွားရောက်ပေးအပ်ခဲ့ပြီး စစ်တွေသို့ ပြန်ရောက်စဉ် နိရဥ္စရာက ဆက်သွယ်မေးမြန်းရာ သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့မှ ဥက္ကဋ္ဌ ဦးအမ်းသားကြီးက ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။
“ ဒုက္ခသည်စခန်းတွေမှာ နေနေကြတဲ့လူတွေက အလုပ်အကိုင်မရှိတဲ့အတွက် ပြင်ပ ကူညီတဲ့ ရိက္ခာတွေကိုဘဲ မှီခို အားထားနေရပါတယ်။ အခု မိုးတွင်းဆိုတော့ အလှူရှင်လည်း နည်းတော့ ရိက္ခာအခက်အခဲ ရှိနေကြတာကို တွေ့ရှိခဲ့ရပါတယ်” ဟု ကိုအမ်းသားကြီးက ပြောသည်။
သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့၏ ခုနှစ်ကြိမ်မြောက် အကူအညီကို ရသေ့တောင်မြို့နယ် ရေစိုးချောင်း၊ ကျောက်တန်းကျေးရွာရှိ စစ်ဘေးရှောင် ဒုက္ခသည် စခန်းများနှင့် ဘူးသီးတောင်မြို့နယ်တွင် စည်တောင် စစ်ဘေးရှောင် စခန်းများသို့ သွားရောက် ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်ပြီး စခန်း ၃ ခုလုံးတွင် ရိက္ခာ အခက်အခဲများရှိနေသည်ဟု သူက ဆိုသည်။
ဘူးသီးတောင်မြို့နယ် စည်တောင် စစ်ဘေးရှောင် ဒုက္ခသည်စခန်းမှ ဦးကျော်ချေအား နိရဥ္စရာ သတင်း ဌာနမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ “စားနပ်ရိက္ခာတွေ အခက်အခဲရှိနေပါတယ်။ အခုတလော ဒုက္ခသည်စခန်းတွေကို အကူအညီလာပေးတဲ့ အဖွဲ့တွေမရှိတော့တဲ့အတွက် ရိက္ခာပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ နောက်ထပ် ၅-၆ ရက်လောက်ဆိုရင် ရိက္ခာပြတ်တောက်သွားမယ့် အခြေအနေနဲ့ ရှိနေပါတယ်”ဟု ပြောဆိုသည်။
ရွာသာများကို အာဏာပိုင်များက ရွာပြန်ခိုင်းသည်မှာ နှစ်ကြိမ်သုံးကြိမ်ရှှိပြီ ဖြစ်ကြောင်း၊ သို့သော်လည်း သူတို့အတွက် မည်သို့ မည်ပုံ ပြန်လည် နေရာချထားပေးမည်ကို ပြောဆိုခြင်း မရှိကြောင်း၊ မိုးရာသီတွင် အလုပ် အကိုင်မရှိဘဲ ရွာပြန်လျင် ငတ်ရုံသာရှိကြောင်း၊ သို့အတွက် အများစုမှာ လောလောဆယ်တွင် ရွာပြန်ရန် မလိုလားကြကြောင်း ဦးကျော်ချေက ပြောသည်။

“ အခုနေတဲ့ နေရာမှာလည်း တောတောင်တွေကို တက်ပြီး အလုပ် လုပ်ခွင့်ရရင် ကျွန်တော်တို့ ရပ်တည်လို့ ရပါတယ်။ အခု စစ်ရေး အခြေအနေအရ တပ်မတော်ကလည်း ကျွန်တော်တို့ကို တောတောင်ထဲကို ၀င်ရောက် လုပ်ကိုင်ဖို့ ခွင့်မပြုဘူး။ ဒီတော့ အလုပ်မရှိဘူး။ ဒါကြောင့် ဒီကယ်ဆယ်ရေး ပစ္စည်းတွေကိုဘဲ အားကိုးနေကြရပါတယ်” ဟု သူက ဆက်လက် ပြောဆိုသည်။
အလားတူ ပုဏ္ဍားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင် ဒုက္ခသည် စခန်းများတွင် ရိက္ခာပြတ်လတ်မှုများ ရှိနေကြောင်း သတင်းရရှိသည်။
“ ကျွန်တော်တို့ အခု ခိုလုံနေတာက ငစရိုင်းကိုင်း မှာ ဖြစ်ပါတယ်။ အရင်ရောက်တဲ့ ကျွန်တော်တို့က အကူအညီ ရထားတော့ နည်းနည်း အဆင်ပြေပါတယ်။ နောက်ထပ် ၁၁ ဆောင်က လုံးဝ အဆင်မပြေပါ။ ပြည်နယ် အစိုးရက အိမ်ဆောက်ဖို့ ငွေနှစ်သိန်းကိုလဲ သူတို့က နောက်ကျမှ ရောက်လာတဲ့ အတွက် မရပါဘူး။ အဲဒီအိမ် ၁၁ ဆောင်က တော်တော့ကို အခက်အခဲရှိနေပါတယ်” ဟု စစ်ပြေးရှောင် တစ်ဦးဖြစ်သူ ဦးလှမောင်သိန်း က ပြောသည်။







