အမ်းမြို့နယ်တွင် စစ်တပ်က စွန့်လွှတ်မြေဧက ၁၆၀၀ မူလပိုင်ရှင်များထံ မရောက်ဘဲ ပျောက်ဆုံးနေ

အမ်းမြို့နယ်တွင် စစ်တပ်က စွန့်လွှတ်မြေဧက ၁၆၀၀ မူလပိုင်ရှင်များထံ မရောက်ဘဲ ပျောက်ဆုံးနေ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် အမ်းမြို့နယ် တပ်သိမ်းမြေများထဲမှ ဧက ၁၆၀၀ ကျော်အားပြန်လည် စွန့်လွှတ် ပေးအပ်ရာ ၎င်းလယ်မြေများမှာ မူလပိုင်ရှင် လယ်သမားများ၏ လက်ထဲသို့ ရောက်ရှိခြင်း မရှိဘဲ ကြားတွင် ပျောက်ဆုံး နေသည်ဟု သတင်းရရှိသည်။

image 0 02“ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အမ်းကို ရောက်လာတဲ့အချိန်မှာ သိမ်းထားတဲ့ လယ်မြေတွေကို ပြန်ပေးဖို့ တောင်းဆိုတော့  လယ်ဧက ( ၁၆၀၀) ကျော်ကို တပ်ကနေ ပြန်လည်် စွန့်လွတ်ထားတယ်လို့ ပြောပါတယ်။ ကွင်းအမှတ်ဘာညာ တိကျမှု မရှိဘူး။ စာထုတ်ပြန်ရာမှာလည်း လယ်သမား တစ်ချို့ကို ပေးထားပြီးပြီလို့ ပြောတယ်။ လယ်သမားတွေက ဘာမြေမှလည်း ပြန်မရသေးဘူး” ဟု အမ်းမြို့နယ် လယ်သမား သမဂ္ဂ ဥက္ကဋ္ဌ ဦးစိုးသိန်းမှ နိရဥ္စရာသို့ ပြောသည်။

မူလပိုင်ရှင် တောင်သူလယ်သမားများကို  လယ်မြေများကို ပြန်လည် ပေးအပ်ပါ မည်သူကို မည်မျှဧက ပြန်ပေးသည်ကို လူသိရှင်ကြား ပွင့်လင်းမြင်သာမှုရှိစွာ အသိပေး ထုတ်ပြန်ရန် လိုအပ်ကြောင်း၊ ယခု လယ်သမားများ အနေဖြင့် ဘာတစ်ခုမှ တိတိကျကျ မသိရှိရကြောင်း၊ သိချင်၍ မြေစာရင်းဦးစီးရုံးကို သွားမေးသော်လည်း သူတို့လည်း မသိ ဟုဆိုကာ ပြန်လည် ပြောဆိုကြောင်း သူက ဆက်လက် ပြောကြားသည်။

ယခုကဲ့သို့ စွန်လွတ်မြေဧရိယာ ၁၆၀၀ မှာ ယခင် အစိုးရ ဦးသိန်းစိန် အစိုးရ လက်ထက်က စွန့်လွတ်ခဲ့သော မြေများ ဖြစ်ပြီး အမ်းမြို့အခြေစိုက် အမှတ် (၇၅၇) အလုပ်ရုံတပ်ခွဲ၊ ခမရ ၃၇၁၊ ၃၇၂ နှင့် ၃၇၃ တို့က သိမ်းဆည်း သွားခဲ့သော မြေများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပိုမို သိရှိနိုင်ရန် အမ်းမြို့နယ် မြေစာရင်းဦးစီးဌာသို့ နိရဥ္စရာက ဆက်သွယ်ရာ မြေစာရင်း ဦးစီး ဦးစိုးသူက “အ ခုစွန့်လွှတ်ပေးအပ်တဲ့မြေတွေက ပြီးခဲ့တဲ့အစိုးရ လက်ထက်က ပေးအပ်ခဲ့တဲ့ မြေတွေပါ။ ဧက (၁၆၀၀) ကျော်မှာ (၁၁၀၀) လောက်ထိ ပြန်လည် ပေးအပ်ပြီးပါပြီ။ လက်ရှိ အစိုးရ လက်ထက်မှာတော့ ပြန်လည် ပေးအပ်တာမရှိသေးပါဘူ။ စိစစ်နေတုန်းဘဲရှိပါသေးတယ်” ဟု ပြောသည်။

ယခု စစ်တပ်က စွန့်လွှတ်မြေများကို အမ်း မြို့နယ် စီမံခန့်ခွဲရေး ကော်မတီက တစ်ဆင့် ပြန်လည် ပေးအပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

 ၂၀၁၆ ခုနှစ် ဇူလိူင်လ ၁၅ ရက်နေ့က ၎င်းကော်မတီမှ ၁/၂၀၁၆ ဖြင့် အမိန့် ကြော်ငြာစာ တစ်ခု ထုတ်ပြန်ခဲ့ပြီး ယင်းကြော်ငြာစာတွင် ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်တွင် တောရိုင်းမြေအချို့အား ကာကွယ်ရေး ၀န်ကြီးဌာနမှ ပြန်လည် စွန့်လွှတ်ပြီး ဖြစ်ပါသဖြင့် အဆိုပါ စွန့်လွှတ်မြေများတွင် မူလပိုင်ရှင် မရှိသော မြေများကို စိုက်ပျိုးရေး၊ မွေးမြူးရေး လုပ်ကိုင်နိုင်ရန် နည်းဥပဒေများနှင့် အညီ လုပ်ကိုင်ခွင့်ရရန်၊ အသုံးပြုခွင့်ရရန် လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။

ယခု ရခိုင်ပြည်နယ် အတွင်း စစ်တပ်က လယ်မြေများကို စွန့်လွှတ်နေရာ အမ်းမြို့နယ် အပါအဝင် အချို့ နေရာများတွင် မူလပိုင်ရှင်များ ပြန်မရဘဲ အာဏာပိုင်များနှင့် နီးစပ်သူ ဆွေမျိုးများ၊ ငွေရှင်ကြေးရှင်များက လိမ်လည် ရယူမှုများ ပေါ်ပေါက်နေသဖြင့် သက်ဆိုင်ရာ အထက် အာဏာပိုင်များ အနေဖြင့် ပွင့်လင်း မြင်သူမှု ရှိရှိဖြင့် အမြန်ဆုံး စိစစ် လုပ်ဆောင်ပေးရန် ဒေသခံ တောင်သူ လယ်သမားများက လိုလား နေကြောင်း ဦးစိုးသိန်းက ပြောကြားသည်။

ယခုကဲ့သို့ အခြေအနေများ ဖြစ်ပေါ်နေသဖြင့် လယ်သမားများ အရေးကို ထိရောက်စွာကိုင်တွယ် ဖြေရှင်း  ဆောင်ရွက်နိုင်ရန် အမ်းမြို့နယ်တွင် သြဂုတ်လ ၁၀ ရက်နေ့က သိမ်ဆည်းခံ လယ်ယာမြေ ညှိနှိုင်း ဖြေရှင်းရေး ကော်မတီတစ်ခုကို အရပ်ဖက်အဖွဲ့အစည်းများနှင့် ဖွဲ့စည်းလိုက်သည်ဟု သတင်း ရရှိသည်။

Most read this week

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...