ရခိုင်ပြည်နယ် ပညာရေးဌာန အလုပ်ရုံဆွေးနွေးပွဲ စစ်တွေတွင် ပြုလုပ်

ရခိုင်ပြည်နယ် ပညာရေးဌာန အလုပ်ရုံဆွေးနွေးပွဲ စစ်တွေတွင် ပြုလုပ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်ပညာရေးမြင့်မားလာစေရေး ရည်ရွယ်လျက် ရခိုင်ပြည်နယ် ပညာရေးမှူးရုံး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးလုပ်ငန်းဆိုင်ရာနှင့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သြဂုတ် လ ၁၀ ရက်နေ့မှ စတင်ပြုလုပ်လျက်ရှိသည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲကို စစ်တွေမြို့ အထက ၄ ရှိ ခန်းမတွင် ပြုလုပ်လျက်ရှိပြီး ၃ ရက်တိုင်တိုင် ပြုလုပ်သွားမည်ဟု သိရသည်။

အလုပ်ရုံဆွေးနွေးပွဲ အဖွင့်အမှာစကားကို ရခိုင်ပြည်နယ် ပညာရေးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက ပြောကြားသွားပြီး၊ ဆရာဆရာမ များအနေဖြင့် ပညာရေးဆိုင်ရာ တရားဝင်စာများကို ဖေ့(စ်) ဘုတ်တွင် တင်ပြနေသည့်ကိစ္စ၊ ရခိုင်ပြည်နယ်ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းများ အရည်အသွေး မမီသည့်ကိစ္စ၊ စာမေးပွဲတွင် မရိုးသားမှုပြုလုပ်သည့်ကိစ္စနှင့် တစ်ချို့ကျေးရွာများတွင် ဆရာဆရာမများ လုံခြံုမှုမရှိ၍ ဆရာဆရာမများကို ပြန်လည်ခေါ်ယူသည့် ကိစ္စများကို ထည့်သွင်း ပြောကြားခဲ့သည်။

“ရခိုင်ပြည်နယ်မှာ ကိုယ်ပိုင်အထက်တန်းကျောင်းတွေ ပေါ်ပေါက်လာပေမယ့် ကျောင်းအဆောက်အဦး ဥပတိရုပ်မကောင်းတဲ့အပြင် ဆရာဆရာမတွေ အရည်အသွေးပြည့်မီမှု မရှိတာကို တွေ့မြင်နေရပါတယ်။ အခြားပြည်နယ်နဲ့ တိုင်းက ကိုယ်ပိုင်အထက်တန်းကျောင်းတွေရဲ့ အောင်ချက်ရာခိုင်နှုန်းဟာ ၈၀ ရာခိုင်နှုန်းထိ မြင့်မားနေတာကို တွေ့နေရပါတယ်။ ရခိုင်ပြည်နယ်မှာရှိနေတဲ့ ကိုယ်ပိုင် အထက်တန်းကျောင်းတွေဟာ လိုအပ်တဲ့ အရည်အသွေးရဲ့ ၃၀ ရာခိုင်နှုန်းလောက်ပဲ ပြည့်စုံပါတယ်”ဟု ပြည်နယ်ပညာရေးမှူးက ပြောသည်။

IMG20160810091436

ကိုယ်ပိုင်အထက်တန်းကျောင်းတည်ထောင်ရန် လျှောက်ထားလာလျှင် မြို့နယ်ပညာရေးမှူး၊ ကိုယ်ပိုင်အထက်တန်းကျောင်းအုပ်နှင့် လေ့လာရေးအတွက် ပညာရေးဌာနက ပုဂ္ဂိုလ်တစ်ဦးတို့ အရည်အသွေး ပြည့်မီမှုရှိမရှိ ကွင်းဆင်းလေ့လာစိစစ်ပြီး အရည်အချင်းနှင့်ပြည့်မီမှ ခွင့်ပြုပေးအပ်သွားမည်ဖြစ်ကြောင်း ပြောသည်။

စာမေးပွဲမေးခွန်းပုံစံများကိုလည်း ကျက်ဖြေစနစ်မှ အတွေးအမြင်ပိုင်းကို ဦးပေးသည့် စနစ်ကို ဦးစားပေးသွားမည်ဖြစ်ပြီး၊ စာမေးပွဲဖြေဆိုရာတွင် မသာမှုများဖြစ်ပေါ်နေ၍ ရခိုင်ပြည်နယ် ပညာရေးနိမ့်ကျလာရခြင်းဖြစ်သည်ဟု ဆိုသည်။

ရခိုင်ပြည်ပညာရေးမြင့်မားလာမှ ရခိုင်လူမှုအဖွဲ့အစည်းမြင့်မားလာမည်ဖြစ်သောကြောင့် ဆရာ ဆရာမများ ပျော်ရွှင်မှုနှင့် လုံခြံုမှုအတွက် ကျေးရွာဘက်က တာဝန်ယူရမည်ဖြစ်ပြီး ဆရာ ဆရာမ များအနေဖြင့်လည်း တာဝန် တစ်ရပ်ဆိုသည်ထက် နှလုံးသားဖြင့် အလုပ်လုပ်ကြဖို့ လိုအပ်သည်ဟု ဆိုသည်။

“ပညာရေးဆိုတာဟာ လူမျိုးကိုတည်ဆောက်နေတာဖြစ်တယ်။ လူမျိုးတစ်မျိုးရဲ့ အဆင့်အတန်းကို ပညာရေးနဲ့ ဆုံးဖြတ်ကြတယ်။ ပညာများများတတ်လာလေ အဲ့ဒီလူမျိုးရဲ့ လူမှုစီးပွားအဆင့်အတန်း မြင့်မားလာလေ ဖြစ်ပါတယ်။ ရပ်တစ်ရပ် ရွာတစ်ရွာအနေနဲ့လည်း သဘာဝက ပေးတဲ့လက်ဆောင်တွေကိုသာ စားသုံးရုံနဲ့ မနေဘဲ ပညာနဲ့တည်ဆောက်တဲ့ ရွာတစ်ရွာဖြစ်အောင်၊ ပညာနဲ့ တည်ဆောက်တဲ့ လူမျိုးတစ်မျိုးဖြစ်လာအောင် အားပေးစေချင်တယ်။ အဲ့ဒါကြောင့် မိမိရပ်ရွာမှာ တာဝန်ယူလာတဲ့ ဆရာ ဆရာမတွေအပေါ်မှာ လုံခြံုရေးအတွက် တာဝန်ယူဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ နောက်တစ်ခု ဆရာအလုပ်ဆိုတာ ဉာဏအားဖြစ်တယ်။ နှလုံးသားနဲ့ လုပ်ရတာဖြစ်တဲ့အတွက်ကြောင့် အဲ့ဒီရပ်ရွာမှာ ဆရာ ဆရာမတွေ ပျော်ရွှင်မှုမရှိ၊ လုံခြံုမှုမရှိဘူးဆိုရင် ပညာရပ်တွေကိုလည်း အပြည့်အဝ သင်ပြပေးမှာ မဟုတ်ပါဘူး။ ရပ်မိရပ်ဘတွေအနေနဲ့ ဆရာဆရာမတွေကို ကိုယ့်ရင်သွေးလို သဘောထားပြီး ဆောင်ရွက်ရပါမယ်။ ဆရာဆရာမတွေ အနေနဲ့လည်းပဲ ကျွန်တော်တို့ နိမ့်ကျနေတဲ့ ရခိုင်ပြည်နယ် အခြေအနေအရပ်ရပ်ကို မြှင့်တင်နိုင်ဖို့အတွက် ပညာရေးဟာ အဓိက ဖြစ်နေတဲ့အတွက်ကြောင့် တာဝန်တစ်ရပ်အနေနဲ့ဆိုတာထက် နှလုံးသားနဲ့ အလုပ်လုပ်ကြဖို့ မှာကြားလိုပါတယ်”ဟု ဦးအောင်ကျော်ထွန်းက ပြောသည်။

ဆရာဆရာမများအတွက် လုံခြံုမှု မပေးနိုင်နိုင်သော ကျေးရွာများမှ ဆရာဆရာမများကို ပြန်လည်ရုပ်သိမ်းသွားပြီး၊ လုံခြံုမှု မပေးနိုင်သော ကျေးရွာအုပ်ချုပ်ရေးမှူးများကိုလည်း အရေးယူဆောင်ရွက်သွားနိုင်ရန် လူမှုရေးဝန်ကြီးက လုံခြံုရေးဝန်ကြီးသို့ တင်ပြသွားမည်ဟု ပြောထားကြောင်း ဆရာကြီးက ထည့်သွင်းပြောကြားသွားသည်။

ယခုလက်ရှိတွင် အမ်းမြို့နယ် ဂဏန်းပြင်ကျေးရွာမှ ဆရာဆရာမ ၈ ဦးကို လုံခြံုမှုမရှိ၍ ပြောင်းရွှေ့ခန့်ထားပြီး နောက်ထပ်ပြန်လည်ခန့်ထားမှု မရှိသေးကြောင်း၊ မြောက်ဦးမြို့နယ် ကန်စောက်ကျေးရွာတွင်လည်း လုံခြံုမှုမရှိ၍ ပြောင်းရွှေ့ခန့်ထားသော်လည်း ရွာသားများ လာတောင်းပန်သည့်အတွက် ပြန်ပြီး အစားထိုးခန့်အပ်ထားသည်ဟု သိရသည်။

ယင်းအပြင် ဆရာဆရာမများအနေဖြင့် ၅ မိုင်အထက်ဝေးသော နေရာများကို နေ့ချင်းပြန် ကျောင်းတက်ရန် ခွင့်မပြုကြောင်း၊ ယင်းသို့ နေ့ချင်းပြန် ပြုလုပ်ပါက စာပြချိန်မှန်ရမည်ဖြစ်ပြီး ၄ နာရီခွဲနောက်ပိုင်းမှ အိမ်ပြန်ရမည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် ပညာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းဝင်းကလည်း မြို့နယ်ပညာရေးမှူးများက လစဉ်အသုံးစာရင်းများကို ခရိုင်နှင့် ပြည်နယ်နှစ်ခုလုံးသို့ ပို့ရမည်ဖြစ်ပြီး ပို့သည့်စာရင်းများ ထပ်တူကျမကျကို သိရှိစေရန် မြို့နယ်မှ တက်လာသည့်စာရင်းနှင့် ခရိုင်မှ တက်လာသည့်စာရင်းများကို နှိုင်းယှဉ်စိစစ်မှု ပြုလုပ်သွားမည်ဟု ပြောသည်။

မြို့နယ်ပညာရေးမှူးများအနေဖြင့် လစဉ်အသုံးစာရင်းများကို လဆန်း ၁ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည်ဟု သူကဆက်လက်ပြောကြားသည်။

ကျောက်တောမြို့နယ်မှ ပညာရေးမှူးက “မြို့နယ်အောင်ချက်မြင့်မားရေးနဲ့ ပတ်သက်ပြီးတော့ တင်ပြဆွေးနွေးသွားပါမယ်။ ဘဏ္ဍာရေးနဲ့ ပတ်သက်ပြီးတော့ အသစ်ဆောက်မည့် ကျောင်းစာရင်းနဲ့၊ မွမ်းမံရမည့် ကျောင်းစာရင်းတွေကို တင်ပြထားပြီးဖြစ်ပါတယ်”ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ယခုပြုလုပ်နေသာ အလုပ်ရုံဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ မြို့နယ်ပညာရေးမှူး၊ ငွေကြေးတာဝန်ခံ အရာရှိတစ်ဦး၊ ငွေကြေးဆိုင်ရာ စာရေးကြီးတစ်ဦးနှင့် ကွန်ပျူတာဆရာတစ်ဦး စုစုပေါင်း တစ်မြို့နယ်မှ ၄ ဦးနှုန်းဖြင့် တက်ရောက်လျက်ရှိပြီး ယနေ့အခမ်းအနားသို့ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်လျက်ရှိသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် အချက်ပေါင်း ၂၀ ကျော်ကို ဆွေးနွေးသွားမည်ဖြစ်ပြီး ထွက်ပေါ်လာသည့် ရလဒ်များကို ရှေ့လုပ်ငန်းစဉ်များအဖြစ် ချမှတ်ကာ ခရိုင်ပညာရေးမှူးများနှင့် နောက်ထပ်တစ်ကြိမ် တွေ့ဆုံပြီး အသေးစိတ် ဆွေးနွေးကာ အကောင်အထည်ဖေါ်သွားမည်ဟု သိရသည်။

Most read this week

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...