ချင်းပြည်နယ် သစ်တောဝန်ကြီး ဦးမာန်ဟင်းဒါလ်နှင့် ဖလမ်းခရိုင်အုပ်ချူပ်ရေးမှူး အဖွဲ့ တို့ သြဂုတ်လ ၈ ရက်နေ့က ဘွာလ်ပီးဒေသသို့ သွားရောက်ပြီး အဆိုပါဒေသတွင် ကျူးကျော်နေထိုင်ကြ သော ဒေသခံများနှင့်တွေ့ဆုံကာ အမြန်ဆုံးဖယ်ရှားကြရန်နှင့် အကယ်၍ဖယ်ရှားခြင်းမရှိပါက ဥပဒေအရအရေး ယူဆောင်ရွက်မည်ဟု ထပ်မံသတိပေးပြောဆိုခဲ့သည် ဟု သိရသည်။
“ ဥပဒေအကြံပေးနဲ့ ပြည်နယ်အစိုးရရဲ့ဆုံးဖြတ်ချက် အတိုင်းလုပ်မယ် ရှင်းရှင်းပြောရရင် ရ ရက်အချိန်ပေးထားပြီးတော့ အရေးယူဆောင်ရွက်ခြင်းမပြုခင်မှာ ကိုယ်ဟာ့ကို ကိုယ့်ပစ္စည်းတွေကို ကိုယ်သိမ်းသွား ရင် ဘာမှအရေးယူစရာအကြောင်းမရှိဘူး’’ ဟု ချင်းပြည်နယ်သစ်တောဝန်ကြီး ဦးမာန်ဟင်းဒါလ်က ပြောသည်။
အဆိုပါ ဆီးယင်းသစ်တောကြိုးဝိုင်အကွက် (၁၄၄) နေရာတွင် ပြီးခဲ့သည့်နှစ်က သဘာဝဘေးဒဏ်ခံခဲ့ရသည် ဟုဆိုသော ဖလမ်းမြို့နယ်အတွင်းရှိ နီမ်ဇောလ်၊ ဇောလ်ပီး၊ ကောလ်ဖန်း၊ ကိမ်းညောင်း ကျေးရွာများမှ ဒေသခံ များအား ပြန်လည်နေရာချထားပေး ရန် ကျေးရွာလူကြီးများက ယခင်အစိုးရ လက်ထက်တုန်းက တင်ပြခဲ့သည် ဟုသိရသည်။ ပြည်နယ်အစိုးရကလည်း ဆီးယင်း သစ်တောကြိုးဝိုင်းအတွင်းဖြစ်နေသည့်အတွက် ယင်းကိစ္စကို ခွင့်မပြုနိုင် ကြောင်း၊ အခြားမြေနေရာဖြစ်သော စည်သာအပတောဒေသ တွင် ပြန်လည်အခြေချနေထိုင်ရန် မြေဧက (၃၀)ကို ခွင့်ပြု ပေးခဲ့သည်။
သို့သော်လည်း အဆိုပါဒေသမှ ရပ်မိရပ်ဖများဟုဆိုသူ ၄ ဦးက ချင်းပြည်နယ်အစိုးရမှ မြေဧက ၁၀၀ ခွင့်ပြုသည် ဟု သတင်းလွှင့်ကာ ကလေးမြို့ဘက်မှ မြေပွဲစားနှင့်ပူးပေါင်းပြီး ဆီးယင်းသစ်တောကြိုးဝိုင်း(၁၄၄)တွင် မြေကွက် များရိုက်ကာ ရောင်းချခဲ့ကြခဲ့ကြောင်းဒေသခံများထံမှသိရသည်။
ကလေးမြို့နယ်၊ ဖလမ်းမြို့နယ် စသည့်အခြားဒေသမှ ရေဘေးဒုက္ခ သည် မဟုတ်သော ပုဂ္ဂိုလ်များက ရေရှည်အကျိူးမျှော် ကိုးသည့်အနေဖြင့် ၀ယ်ယူကာ လူမနေဘဲ နေအိမ်များကို တိုင်ထောင်၊ အမိုးအကာဖြင့် အကြမ်းဆောက်ထားကြသည်ဟုသတင်းရကြောင်း ဖလမ်းခရိုင်အုပ်ချူပ် ရေးမှူး ဦးမိုးဇော်စိုးကပြောသည်။
သဘာဝဘေးဒုက္ခသည်များပြန်လည်နေထိုင်ရန်ဟုဆိုကာ တောင်းဆိုထားသော ဆီးယင်းသစ်တောကြိုး ၀ိုင်း (၁၄၄)တွင် တကယ်ဒုက္ခရောက်နေကြသော ကျေးရွာများမှ ဒေသခံများက မြေနေရာတစ်ခုမျှရရှိခြင်း မရှိဘဲ ကလေးမြို့နယ်၊ ဖလမ်း မြို့နယ် စသည့်အခြားဒေသများကသာ ရရှိသွားကြခြင်းဖြစ်သည်။
သစ်တောဝန်ကြီးက “ စက္ကန့်တို့၊ ရှားတောတို့၊ တာဟန်းတို့ ခိုင်ကမ်းတို့ နောက်ပြီးတော့အဝေးကလာပြီးတော့ ဒုက္ခသည်မဟုတ်ဘဲနဲ့ ဒီနေရာကိုလာဦးထားကြတာဖြစ်ပါတယ်၊ ဖလမ်းက ပါစတာတောင်ပါတယ် ဒါပေမယ့် ဒီနေ့အိမ်ဖျက်လိုက်ပြီ၊ ဒီလိုမတရား လုပ်တဲ့ကိစ္စမှာပါဖို့မသင့်ဘူး ဒါအစိုးရဥပဒေနဲ့မလွတ်ကင်းဘူးဆိုတာသိတော့ သူ့အိမ်ကိုသူပြန်ဖျက်လိုက်တယ် ဒါလက်တွေ့ပဲ’’ဟု ပြောသည်။
ဆီးယင်းသစ်တောကြိုး ၀ိုင်း(၁၄၄)တွင် မြေကွက်ရိုက်ရောင်းချသည့် ဦးဆောင်သူ ၄ ဦး နှင့် စက်ဆရာ ၂ ဦး စုစုပေါင်း လူ ၆ ဦးကိုလည်း ဖမ်းဆီးထား လိုက်ပြီဟု သိရသည်။ အိမ်ခြေ ၃၆၁ အိမ်ရှိသော အဆိုပါဒေသတွင် အမှန်တကယ်နေထိုင်သူမှာ လူဦးရေး ၁၈၀ ခန့်သာရှိနေပြီး နေအိမ်အများစုမှာ လူနေထိုင်ခြင်းမရှိကြပေ။
အဆိုပါ ဘွာလ်ပီးဒေသ ကျူးကျော်နယ်မြေတွင် နေထိုင်သူ ဦး Thuan Cung Nung က ယခုသည် မိုးတွင်း ကာလဖြစ်နေသည့် အတွက်ကြောင့် ပြောင်းရွှေ့ရန် မလွယ်ကူကြောင်း မိုးအကုန် ဆောင်းတွင်းကာလတွင် ပြောင်းရွှေ့ရမည်ဆိုပါက ပိုမိုအ ဆင်ပြေနိုင်ကြောင်းပြောဆိုသည်။
“အခုက မိုးတွင်းကြီး၊ နွားတွေလည်းမိုးထဲမှာမထားဘူး၊ ၀က်ရှိရင်လည်း မိုးထဲမှာမထားဘူး၊ အခုအိမ်တွေ ဖျက်ပါဆိုရင် မိုးတွင်းမှာ ဘယ်မှာနေမလဲ မစဉ်းထားနိုင်ဘူး တကယ်လို့ထွက်စေချင်ရင် နိုဝင်ဘာ၊ ဒီဇင်ဘာလ ဆောင်းရာသီမှာ အဲဒီချိန်မိုးမရွာတော့ဘူး၊ ကျနော်တို့ကို အချိန်ပေးလိုက်ရင် အဆင်ပြေနိုင်တယ် ခုတော့ နီးကပ်လွန်းလို့ ဘယ်လိုမှမတတ်နိုင်ဘူး’’ ဟု သူကပြောသည်။







